ကပ်ကျော်ဘုရားဘေးမှာ
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀နဲ့
ဒေ၀ါလီခံလို့ ဒုက္ခရောက်နေသူတွေ
ဒုနဲ့ဒေးမြင်ရမယ်
လွတ်လပ်ရေး ကျောက်တိုင်နဲ့ ဆူးလေဘုရားဟာ
လူတွေရဲ့ အခါခါလှည့်ပတ်ဖြတ်လျှောက်ခြင်းကို
အိနြေ္ဒကြီးစွာ သီးညည်းခံလို့
ဗလီတွေကတော့ ခန့်ညားထည်ဝါစွာ
ပဲစေ့တွေကို စောင့်မျှော်နေတဲ့ ခိုတွေကတော့
ရန်ကုန်မြို့လယ်ရဲ့ အညမညဖြစ်တယ်
သိမ်ကြီးဈေးရဲ့ ဘေးပတ်လည်ဝရံတာတွေဟာ
ပုဆိုးအကွက်ကျဲနဲ့ မုတ်ဆိတ်တို့ကြီးစိုးရာ
သောက်စားပျော်ပါးရာ နေရာစစ်စစ်ဖြစ်ရဲ့
စင်တင်မလေးဟာ ခိုးခိုးခစ်ခစ်နဲ့ စပိုင်ကိုသောက်ပြီး
ဘူတားတစ်ကောင်ရဲ့ဗိုက်ကိုပွတ်တယ်
ငါတို့နားမလည်တဲ့ အာရဗီစကားဟာ
သူမရဲ့ အစာအိမ်ကို ခဏတော့ငြိမ်သက်စေမယ်
သိမ်ကြီးဈေးရဲ့ တံတားဟာ ဂုံးကျော်တံတားလား
ကုန်းကျော်တံတားလား မသေချာဘူး
နှုတ်ခမ်းနီမလေးတွေဟာ ရီဝေေ၀အကြည့်ရဲ့
အဓိပ္ဘါယ်ဖော်နိုင်သူကို ရှာဖွေကြတယ်
နှုတ်ခမ်းမည်းမည်းထူထူတွေနဲ့ နှစ်ပိုင်းတစ်ပိုင်းတွေဟာ
ညရဲ့အမှန်တရားကို ဖျက်ဆီးသူများဖြစ်တယ်
မင်္ဂလာဈေးရဲ့ ဘာသာဗေဒဟာ
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် လှတယ်
တစ်ဖျတ်ဖျတ်တောက်ပမှုတွေကြား
ခမ်းနားမှုတွေ မူးယစ်မှုတွေဟာ
နွေညတွေကို အပြုံးတုတွေနဲ့ ကြိုဆိုနေလေရဲ့
ရင်ပူလွန်းလို့ ထင်ပါရဲ့ မိန်းမပျိုလေးဟာ
ရေခဲကို အတုံးလိုက်မျိုချနေတယ်
ဘ၀က မိုးခါးရေဆိုတော့
အများသောက်တိုင်းလိုက်သောက်စရာမလိုအောင် ခါးတယ်
ဒီလိုနဲ့ ရန်ကုန်ဟာ
ငွေအတွက် အချိန်တွေကို ဖြားယောင်းသွေးဆောင်
အသံမထွက်တဲ့ ညည်းညူမှုတွေကြား
အသွေးအသားကို ဖော်ချွတ်ပြ
ဗီသိုဗင်ရဲ့ တေးသွားဟာ
နလပိန်းတုံးအတွက် ဂီတဖြစ်တယ်
ကကြိုးတွေအောက် အကြိမ်ကြိမ်လဲပြိုကြ
ရန်ကုန်ညဟာ ဖြူနီပြာဝါနဲ့
ကိုယ်တွင်းအင်္ဂါတွေကို ဘီယာနဲ့ဆေးတယ် …..။
ဧကဧရာ
ရန်ကုန်ညဟာ ကျွန်တော်နဲ့ အတူကတယ်
Labels:
ကဗျာ
Subscribe to:
Posts (Atom)