ထိုနေရာသို့ လှမ်းကြည့်ခြင်း

အမြဲပြုံးနေတဲ့ ခင်ဗျားမျက်နှာမြင်တိုင်း
လူတိုင်းကို အပြုံးနဲ့ဆက်ဆံပါလို့
ပြောခဲ့တဲ့သူကို ပြေးပြေးရိုက်ချင်တယ် ...
ဘာသည်သာ အကောင်းဆုံးလက်နက်ဆိုလား
ပြောကြတဲ့စကားတွေနဲ့ နယူတန်လည်း
ခင်ဗျားနဲ့တွေ့ မှ ငပေါကြီးလုံးလုံး ဖြစ်တော့တယ် ...

အမြီးခွေအိပ်နေတဲ့ ကောင်တွေတောင်
လှည့်မကြည့်တဲ့ အရာကြီးကို
ခင်ဗျားမို့ မရွံမရှာ ဖက်တွယ်ထားတာ
ကျုပ်ဖြင့် အံ့သြလို့မဆုံးဘူး ...
အင်းလေ ...
ငရဲက လာသူဆိုတော့ ပြာပူဘယ်ကြောက်မလဲ ...

ထမိန်မခြုံပဲနဲ့ စုန်းမဖြစ်နေတဲ့
ဒေါ်အိုစာတစ်ယောက်လဲ အခုထိ
တံမြက်စည်းစုတ်ကို စီးပြီးတော့
ပျော့ပျော့လေးနဲ့ နံတုန်း ....
မီးတစ်စတွေ့ တိုင်း လက်ခမောင်းထထခတ်တတ်တဲ့
လက်သည်းဖွက်လူတန်းစားတွေလဲ
ဟောင်လွန်းတော့ လူမလေးတော့ဘူး ...

ခင်ဗျားတို့လို အတ္တဘောတွေ
အချိန်တိုင်း တက်တက်စီးခံနေရတဲ့
ဖိနပ်တွေအစား ရင်နာမိတယ်
သည်ဖိနပ်တွေ ခင်ဗျားတို့ပါးပြင်ပေါ်ရောက်ဦးမှာပါ ...
ခင်ဗျားတို့ကို ရော့ခ်စတီးဝပ်ဆိုတဲ့သူ
ကျုပ်ဆီကိုခေါ်လာတဲ့ အချိန်ကြရင်တော့
မမြဲခြင်းတရားတွေကို သင်ကြားပေးဦးမယ် ... ။ ။

အကြွေးတွေကို မကြာခင်ဆပ်ပါမယ်ခင်ဗျာ...။ လောလောဆယ်တော့ အမေ့ရဲ့ရင်ထဲက မျက်ရည်တစ်စက်ကို မြင်လိုက်ရလို့ စိတ်အချဉ်ပေါက်နေပါတယ် ......။ ။

A Message From Western Bank of River

A Message From Western Bank of River


မင်းစွန့်သွားရာဒီမြေမှာ

အရင်လို အုတ်ကြားမြက်ပေါက်တွေ မင်းမူတုန်း

အေး၊ ဒါပေမယ့် ကိုယ်တို့ရွက်ကျပင်ပေါက်တွေကလည်း ရှင်သန်တုန်းပဲ


မင်းတစ်လမ်းစာ သာရုံနဲ့ လိပ်ပြာသန့်သင့်နေပါပြီ

ဒီမြေမှာ နေ၀င်လို့ ဘယ်သူမှ မင်းကို အပြစ်မတင်ဘူး

ဒီအနောက်ဘက်ကမ်းမှာမှ အရွက်ကျခဲ့တဲ့ကောင်တွေပဲကွာ

အပင်မပေါက်ချင်သော်လည်း အမြစ်တွယ်ခဲ့ပြီမို့

ညည်းချင်းမချတော့ဘူး ကိုယ့်လူရေ…


များများပြောခွင့်မရှိလို့လား ဒီမှာတော့ များများတွေးကြတယ်

ရှင်သန်နေတာကိုသတိရဖို့ နာရီနဲ့ နေ့စွဲတွေမှတ်ကြတယ်

မြောက်လေအလာကိုစောင့်ကြတယ်

ဘာလို့လဲသိလား… ဒိထက်ကောင်းတာ လာဖို့မရှိလို့ပေါ့ ငတုံးရဲ့


ကြယ်ကြွေကိုလည်းမစောင့်ဘူး

ရွက်ကြွေကိုလည်းမကောက်ဘူး

အိပ်မက်ဆိုတာ အိပ်ပျော်သူတွေသာမက်ခွင့်ရတာကလား


သက်ပြင်းချရင် အသက်တိုတတ်သတဲ့

သူလိုငါလိုအပင်တစ်ပင်ပျောက်သွားရင် ဒီမြေနည်းနည်းပေါ့သွားရှာမလား


ဒါနဲ့ လူကြုံရှိရင် အရှေ့ဘက်ကမ်းက

ငြိမ်းချမ်းရေးသံလွင်တစ်ခက်လောက်ပို့လိုက်ပါ

အတုပဲဖြစ်ဖြစ်လေ… မြင်ဖူးရတာပေါ့။

Honey

ကဗျာလေးကို ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဒီနေရာကနေ ကူးယူဖော်ပြတာပါဗျာ ။

လေလွင့်ဌက်၏ နားခိုရာ

ခတ်ပြစ်လိုက်စမ်းပါ
မင်းတို့ရဲ့ အတောင်ပံတွေကို
အားအင်ရှိသလောက်ပေါ့ ...

ဘာတွေကိုကြောက်ပြီး
ဘယ်သူကို အားနာနေမှာလဲ
အချိန်ဆိုတာ လူကလုပ်တာပါကွာ

လေစုန်မှာ မျှောနေမယ့်အစား
လေဆန်မှာ ပျံတက်ပြီး
ငါတို့ရဲ့ ရင်ကိုအကွဲခံလိုက်မယ်

ဘယ်သူမှ အသိအမှတ်မပြုရင်တောင
ကမ္ဘာမြေကြီးက သူ့ရဲ့ရင်ခွင်မှာ
ငါ့တို့ကို ငြိမ်းချမ်းစွာ လဲလျောင်းစေမှာပါ ....။ ။

ကျွန်တော်နှင့် ကြောင်နှစ်ကောင်အိမ်မက်

'အား ... အေးလိုက်တာ ...'
ဖြတ်ခနဲ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်တော့်ဂုတ်ကို လက်အေးကြီးနဲ့ ကိုင်ထားတဲ့ လူတစ်ယောက်...
'ဟေ့လူ ဘာလုပ်တာလဲဗျ'
'လျှာမရှည်နဲ့ ထစမ်း' "ဗြောင်း"
(အာ ဒီလူ ရုပ်ကြည့်တော့ သန့်သန့်ပြန့်ပြန့်နဲ့ တော်တော်လက်သံပြောင်တာပဲ)
'ဘာလဲဗျ ဘာလုပ်မလို့လဲ'

'မင်းကို ပြောစရာရှိလို့ကွ၊ မင်းတို့က ဘလော်ဂါ အချင်းချင်းမှ ချစ်တာလား။ ဘလော့မရေးပဲ မင်းတို့ကို အားပေးတဲ့သူကိုတော့ မင်းက အဖက်မလုပ်ချင်ဘူးပေါ့လေ ဟုတ်လား'
'အာဗျာ ဟုတ်ပါဘူးဗျာ ကျွန်တော့်ရဲ့ ကမြောက်ကချောက်စာတွေကို အချိန်ကုန်ခံပြီး လာဖတ်တဲ့သူကို ကျွန်တော် လေးစားပါတယ်ဗျ။ ဘလော့ရေးရေး မရေးရေး ကျွန်တော့်ကို ခင်လို့လာတာပဲဗျ အဲလိုစိတ်မျိုး ကျွန်တော့်မှာ မရှိပါဘူး။'
"တော်စမ်း" ... 'မင်း ပေါက်ကရတွေ မပြောနဲ့ ။ ပြောတော့ တစ်မျိုး လုပ်တော့ တလွဲဆိုတာ မင်းလိုလူစားမျိုးပဲ '
'ဟာ .. ခင်ဗျားက ကျွန်တော်ကို အသားလွတ်ကြီး စွပ်စွဲနေပါလားဗျ ... နေပါဦး ကျွန်တော်က ဘာလုပ်မိလို့ ခင်ဗျားက ဘာတွေပြောနေတာလဲ။ ခင်ဗျားကရော ဘယ်သူလဲဗျ။'
'ငါ မောင်မျိုးပဲကွ၊ မင်းဆီကိုလာတဲ့ သူတွေအကုန်လုံးကိုကျ မင်းက တစ်ယောက်ခြင်းပြန်ပြောတယ်။ ငါ့ကျတော့ မင်းကချန်ထားတယ် .. အဲဒါ ကောင်းသလား။တော်ပြီ ဟေ့ကောင် မင်းဆီကိုမလာတော့ဘူး သွားမယ် ဒါပဲ'
'ဟာ ... ကိုမောင်မျိုး ကိုမောင်မျိုး ....... အစ်ကို အစ်ကို ...'
အဲဒီအချိန်မှာပဲ ကျွန်တော်နိုးသွားတယ်။ ကဗျာကသီနဲ့ ထပြီး ဘလော့ကို ဖွင့်ကြည့်လိုက်တော့ ကိုမောင်မျိုးက သူ့ကိုစကားပြန်မပြောလို့ဆိုပြီး ဆီဗုံးမှာ အော်သွားတယ်။ ကျွန်တော့် မနေ့ကရီပလိုင်းလုပ်ထားတာတွေ ပြန်ကြည့်လိုက်တော့ ဟုတ်တယ်ဗျာ ကိုမောင်မျိုး တစ်ယောက်ပဲ ကျန်ခဲ့တယ်...။ ကိုမောင်မျိုးကြီးရေ ချိတ်ချိုးပါနဲ့ဗျာ ကျွန်တော် ကဗျာရွတ်ပြမယ် ...။

ကျွန်တော်မျှားပြာရီပလိုင်းမှာ ကိုမောင်မျိုးကြီးမပါ
ကိုမောင်မျိုးကြီးစိတ်ကဆိုး ကျွန်တော့်ကို လိုက်ထိုး
မထိုးပါနဲ့အစ်ကိုကြီးရာ ကျွန်တော်တောင်းပန်မှာ
တောင်းပန်လိုက်တော့ကျေအေးသွား ကိုမောင်မျိုးကြီး ရူပါစတား
ကောင်မလေးတွေခပ်များများ သူ့မှာ ပြေးပေါက်မှားးးးးးးးးး ။း)

အိမ်မက်ကတော့ တကယ်မက်တာပါ.။ အပေါ်ကစာတွေကတော့ ကျွန်တော့်ဘာသာ ပေါက်ကရရေးထားတာ အဟေး ဟေးး။ အိမ်မက်ထဲမှာ ကျွန်တော့်ကို ကိုမောင်မျိုးက သူ့ကို ရီပလိုင်းမလုပ်လို့ဆိုပြီး လာပြောသွားတာပါ.။ မနက်လင်းတော့ ကျွန်တော့်ဘလော့ကို ဖွင့်ဖတ်လိုက်တော့ တကယ်ပဲ ကိုမောင်မျိုးက လာပြောသွားတယ် .. ကံဆိုးချင်တော့ အကုန်လုံးကိုပြန်ပြောတဲ့အထဲမှာ သူ့တစ်ယောက်ပဲ ကျန်ခဲ့တာ။ စိတ်မဆိုးပါနဲဗျာ .. နော့ ကိုမောင်မျိုးကြီးးးးးးးး

ကျွန်တော့်လဲ သည်ဘလော့လေးရေးမိပါတယ် စိတ်ကအဲဒီအထဲပဲ အကုန်ရောက်နေတော့တာပဲဗျာ..။ တခါမှလည်း မမြင်ဘူး မတွေ့ ဘူးတဲ့ သူတွေကို သံယောဇဉ်တွယ်နေတာ အံ့သြဖို့ လဲ ကောင်းပါတယ်.။ ကြာရင်တော့ ခက်ရချည့်ရဲ့ဗျာ ...။ အခုတောင် အိမ်မက်ထဲထိရောက်ကုန်ပြီ ..။ သြော် ဘလော့ ဘလော့ .... ။

ကြောင်နှစ်ကောင်ဆိုတာ ကိုမောင်မျိုးကို ပြောတာဗျ။ ရန်ကုန်က ကြောင်နှစ်ကောင်စာပေတိုက်ပိုင်ရှင် မောင်မျိုးနဲ့  ကိုမောင်မျိုးက နာမည်ခြင်းဆင်လို့ ကိုယ့်ဘာသာ စိတ်ထဲရှိရာ ခေါင်းစဉ်ပေးလိုက်တာ ဟတ် ဟတ် ဟတ် ...။

မြန်မာတို့ရဲ့ သီတင်းကျွတ်လပြည့်နေ့ 

ဒီနေ့က မြန်မာတွေရဲ့ အထွဋ်အမြတ်ထားတဲ့ သီတင်းကျွတ်လပြည့်နေ့ပေါ့ဗျာ။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကတော့ မနက်ကိုဘုန်းကြီးကျောင်းတွေသွားမယ် ဥပုဓ် သီတင်းသီလဆောက်တည်ကြမယ်။ ဆရာတော်တွေဟောမယ့် တရားတွေနာကြမယ်။ အိမ်တွေမှာ မုန့်တွေလုပ်ပြီး အိမ်နီးနားချင်းတွေကို လိုက်ဝေမယ် ကုသိုလ်တွေ ယူကြမယ်.။ အချို့နေရာတွေမှာတော့ နိဗ္ဗာန်ဈေးတွေလုပ်ပြီး လာသမျှလူတွေကို ကျွေးမွေးဧည့်ခံမယ်.။ ညဆိုရင်တော့ အိမ်တိုင်းမှာ ရောင်စုံမီးပုံး၊ ဖယောင်းတိုင်လေးတွေ ထွန်းပြီး မြတ်စွာဘုရားကို ပူဇော်ကြမယ်.။လမ်းတိုင်းမှာ မီးရောင်စုံလေးတွေနဲ့ တကယ်ကို အေးချမ်းလှပတဲ့ ညချမ်းလေးတစ်ခုပါ.။ ကလေးတွေကတော့ မီးရှုးမီးပန်းလေးတွေ လွှတ်ကြပြီး ပျော်မယ်.။ လူကြီးတွေ ကျွေးတဲ့မုန့်တွေကိုစားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မီးထွန်းပွဲတော်ကို ဆင်နွဲကြမယ်.။ လူတိုင်း လူတိုင်း သန့်ရှင်းသပ်ရပ်တဲ့ အ၀တ်ကလေးတွေ ၀တ်ပြီး ဘုရားသွားကျောင်းတတ် ကုသိုလ်ယူကြတယ်.။ လူကြီးမိဘတွေနဲ့ သက်ကြီးဝါကြီးတွေကို ကန်တော့ကြ၊ ဆုမွန်ကောင်းတွေပေးမယ်၊ မုန့်ဖိုးတွေ ရမယ်။ မိတ်ဆွေတို့ တွေးကြည့်စမ်းပါလေ ... ဘယ်လောက်ကြည်နူးပျော်ရွှင်စရာကောင်းလိုက်တဲ့ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လဲဆိုတာ ..။ ကလေးတွေရဲ့ ပျော်ရွှင်စွာမီးထွန်းဆော့ကစားနေတဲ့ အသံတွေ၊ ရောင်စုံမီးပုံးနဲ့ ဖယောင်းတိုင်တွေကြားက လူတွေရဲ့ အေးချမ်းပျော်ရွှင်နေတဲ့ မျက်နှာတွေ၊ လူကြီးမိဘတွေရဲ့ ကြည်နူးပီတိတွေကို တွေးကြည့်တာနဲ့ကို စိတ်ချမ်းသာဖို့ကောင်းလိုက်တာ..။

ဟိုးအရင်ကတော့ ကျွန်တော်ကိုယ်တိုင် သည်လိုပွဲမျိုးတွေမှာ ကြည်နူးပျော်ရွှင်ခဲ့တာပေါ့ဗျာ.။ ရွှေတိဂုံဘုရားကိုသွားပြီး ကုသိုလ်ကောင်းမှုတွေလုပ်တယ်.။ အဘိုးအဘွားတွေကို ကန်တော့တယ်။ အိမ်အပြန်မှာညီလေးတွေအတွက် မီးရှုးမီးပန်းတွေ ၀ယ်လာတယ်.။ မောင်နှမတွေအကုန် ဖေဖေနဲ့ မေမေကို ကန်တော့ပြီး မုန့်တွေ အတူတူစားကြ၊ မီးထွန်းပွဲတော်ကို မိသားစုအတူတူ ဆင်နွဲကြနဲ့ အရမ်းကို ပျော်ရွှင်ကြည်နူးရတဲ့ နေ့ရက်တွေပေါ့ဗျာ။ အိမ်နဲ့ဝေးတဲ့ အချိန်တွေမှာလဲ ဘုရားမှာ ပန်း၊ရေချမ်း၊ဆီးမီး၊အမွှေးနံ့သာ လှူဖွယ်တွေနဲ့ ဘုရားမှာ ငြိမ်းချမ်းအဆင်ပြေပါကြောင်း ဆုတောင်း၊ လူတွေရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာတွေကိုလိုက်ကြည့်ပြီး ကြည်နူးရတာလဲ ဘာနဲ့မှမလဲနိုင်ပါဘူး။ အခန်းထဲမှာ ဖယောင်းတိုင်မီးတွေထွန်းပြီး ငြိမ်သက်အေးချမ်းနေတဲ့ စိတ်ရဲ့ အရသာကို ခံစားရတာလည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်မှ ရနိုင်မယ့် အခွင့်အရေးပေါ့ဗျာ.။

အခုချိန်တော့ မြန်မာလူမျိုးတွေရဲ့ တန်ဖိုးထားချစ်စရာကောင်းတဲ့ သီတင်းကျွတ်ပွဲတော်အကြောင်းကို ဂြိုလ်သားစကားနဲ့ရေးနေရတယ်။ မနက်ကြရင်လည်း ဘုရားဆိုတာဘာမှန်းမသိတဲ့ သူတွေကိုပြောပြရဦးမယ်.။ တစ်ကျောင်းထဲတက်ကြတာချင်းအတူတူ ဘာသာရပ်ဌာနမတူလို့ ကျောင်းတက်ရဦးမယ်.။ ဂြိုလ်သားစကားတွေသင်ပြီး အခါကြီး ရက်ကြီးကို ကလေးတောင်မဆိုတဲ့ သီချင်းတွေကို လိုက်ဆိုရဦးမယ်။ အထူအပါး ဘာမှမသိတဲ့လူတွေကို စကားကိုမပြောချင်ဘူး။ ဒါပေမယ့် ............ ကိုယ့်ဘ၀ကိုယ် မပိုင်တော့လဲ ထားရာနေ စေရာသွား၊ ယောင်္ကျားကောင်းထုံးနှလုံးမူပြီး လုပ်ရမယ့် အလုပ်တွေကို ပြီးမြောက်အောင် လုပ်ရဦးမှာပေါ့ဗျာ..။ အရာရာအားလုံး ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါစေလို့ သည်လို သီတင်းကျွတ်လပြည့်နေ့မှာ ကျွန်တော် အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်ဗျာ . ။

မဖြစ် ညစ်ကျယ်

ခေါက်ရိုးကျိုးနေတဲ့ ရင်ဘတ်ထဲက
ထွက်ထွက်လာတဲ့ အညှီအဟောက်တွေကို
ရှုရှိုက်နေရတဲ့ ငါ့ကိုယ်ငါလည်း
တခါတလေတော့ အားနာမိရဲ့ ...

လုံးဝန်းနေတဲ့ ကမ္ဘာကြီးကို
တြိဂံလိုလို ဗဟုဂံလိုလို
လိုရာဆွဲပြောနေကြတဲ့
လူတွေကို အငေးသားကြည့်နေခဲ့တဲ့
နှစ်ပေါင်းလည်း မရေတွက်နိုင်တော့ဘူး ...

ရာစုနှစ်ပေါင်းများစွာမှာ
အဆင်မပြေမှုတွေကို
ထပ်ခါထပ်ခါ ၀တ်ဆင်ခဲ့ရတဲ့
အညတရ တစ်ကောင်ပါ ...

သက်တန့်တွေပေါ်
ခဏတဖြုတ် လမ်းတက်လျှောက်မိတဲ့
ငါ့ကို ဘာဖြစ်ချင်နေလဲတဲ့ .....
ရှင်းတယ် ......
လောကဓံကို နဘန်ကျင်း
ကံကြမ္မာကို ရင်ဝ ခုနှစ်ချက်လောက်
ပိတ်ကန်ချင်တယ် ...... ။ ။

အလွမ်းရဲ့ ကဗျာ

မချစ်တတ်ခဲ့လို့ အချစ်ငတ်ခဲ့သူပါ
မနမ်းတတ်တာထက် မနမ်းရက်ခဲ့တော့လည်း
အလွမ်းတွေ ဆက်နေရပြီ ချစ်သူ ....

နွေးထွေးတဲ့ သူ့ လက်ဖ၀ါးတွေရယ်
သူ့ နှုတ်ခမ်း ပါးလျလျလေးရယ်
ပြီးတော့ ...
အရူးအမူး စွဲလမ်းခဲ့မိတဲ့
သူ့ ဆံပင်ရှည်ရှည်တွေရယ်
သူနဲ့ပတ်သတ်သမျှ အရာအားလုံး
နှလုံးသည်းပွတ်ထဲက
နက်နက်ရှိုင်းရှိုင်း လွမ်းနေတယ် ...

ငါ့နှလုံးသားရင်ပြင်မှာ
အလွမ်းတွေ တောင်ပုံရာပုံဆင့်လို့ 
လွမ်းလို့ ကဗျာတွေရေးရင်း
ကဗျာတွေရေးရင်း လွမ်းရင်းနဲ့ပဲ
.........................................
.........................................
လွမ်းတယ် ချစ်သဲရယ် ....... ။ ။

လွမ်းတယ်ဗျာ။ တအားကို လွမ်းတယ်။ ရင်ဘတ်ထဲ အောင့်နေအောင် လွမ်းတယ်။ မခံမရပ်နိုင်အောင်ကို လွမ်းတယ်။ ပြောမပြတတ်အောင်ကို လွမ်းတယ်။ မက်မက်စက်စက်ကို လွမ်းတယ်.။ စိတ်ရှိသလောက် လွမ်းတယ်။ အချိန်တိုင်း လွမ်းတယ်။ ကဲ ယုံ မယုံယုံဗျာ လွမ်းကို လွမ်းတယ်ဗျာ .... ။

အားလုံးကိုလည်း အသည်းအသန် လွမ်းတယ်ဗျာ.။ ကျွန်တော့်ဆီကို လာကြတဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ခင်ခင်မင်မင် စာမပြန်နိုင်တာ နားလည်ပေးပါဗျာ.။ ရင်ထဲမှာ အမြဲတမ်းရှိပါတယ်.။ အခုကျွန်တော် မနက်ဖြန်ကို လွှတ်ချပြီး အားချင်ယောင်ဆောင်လိုက်တယ်.။ နောက်လာမယ့် မနက်ဖြန်တွေကိုတော့ လွှတ်ချလို့ရမယ် မထင်ဘူးဗျာ ..။ ကျွန်တော် အလွမ်းလာဖြေတာပါ.။ ရင်ဘတ်ကြီးနဲ့  မဆန့်အောင်ကို လွမ်းနေမိတာပါ.။ တကယ်ကြီးကို လွမ်းနေမိတယ်ဗျာ.။ နောက်ပြန်တွေ့မယ့် အချိန်ကို ကြိုတွေးပြီး ပျော်နေလိုက်မယ်..။ အခုတော့ အားရအောင် လွမ်းလိုက်ဦးမယ်ဗျာ.။

ဝေးလွင့်ခြင်း ...

တကယ်တော့ ငါဟာ
လောကနိယာမတွေကို ကြေကြေညက်ညက်
မသင်ယူခဲ့ရတဲ့ သနားစရာသတ္တ၀ါတစ်ကောင်ပါ
အပြာရောင်တွေကို နှစ်ခြိုက်စွာမော့သောက်ရင်း
ကြယ်စင်တွေကို ကျောခိုင်းထားခဲ့မိတဲ့ ငါ
ခုတော့ သံသရာတွေ တစ်ပတ်ပြန်လည်ပြီး
အရှိန်အဟုန်ပြင်းပြင်းနဲ့ ၀င်ရောက်လာခဲ့ပြီ ....
တကယ်ဆို ရာဇ၀င်တွေအတွက်
ထစ်ချုန်းမိုးတွေ ရွာနေပြီးသားပဲ
ဖန်ဆင်းရှင်ရဲ့ ခရမ်းရင့်ရောင်တွေနောက်
အမောတကော ပြေးလိုက်နေရတာ
ရပ်တည်မှုတွေ ချိနဲ့လွန်းပါတယ် ...
ဟော ... ကံကြမ္မာကတော့ ထီးဆောင်းပြီးလာနေပြီ
ညနေခင်းရေ မီးထွန်းပြီး ကြိုဆိုလိုက်ပါဦး
ငါကတော့ အစွမ်းသတ္တိမရှိတဲ့ ခြေရာတွေနောက်
တကောက်ကောက် လိုက်ရဦးမယ် ...... ။ ။

ကာရန်မဲ့ ဝေဒနာ

ရင်ဘတ်တွေ ထပ်တူမကျနိုင်ပေမဲ့
အမြဲတမ်း ဖွင့်ထားတဲ့ တံခါးတစ်ချပ်
အက်ကြောင်းထပ်နေတဲ့ သံစဉ်တွေနဲ့
အစိမ်းရောင်ဝတ်ရုံတွေတော့ ခဏထားခဲ့
မတည်မြဲခြင်းတွေနဲ့ လွတ်လပ်စွာ
ထိုးဖောက်ကြည့်လိုက်တော့...............

ငြိမ်းချမ်းခြင်းနဲ့ ရိုးသားမှုတွေ
လဲလျောင်းငြိမ်သက် ...
ကိုယ်ကျင့်တရားနဲ့ သစ္စာတရားကတော့
မားမားမတ်မတ် ...
ဝမ်းနည်းကြေကွဲခြင်းနဲ့ နာကျည်းဒေါသထွက်ခြင်းတွေတော့
ဟိုတစ်ကွက် ဒီတစ်ကွက် ...
သွေးနဲ့ မျက်ရည်တွေကတော့
ခြေလှမ်းတိုင်းမှာ တစက်စက်နဲ့ ...
မျှဝေခံစားခြင်းကတော့
စုတ်ပြတ်သတ်လို့ ...

ယောင်္ကျားတန်မဲ့ ရင်ဘတ်ထဲမှာ
အကြိမ်ကြိမ်မျက်ရည်ကျခဲ့ရပေါင်းလဲ များပြီ
တစုံတရာအတွက်ဆို
အဖြည့်ခံနှလုံးသားတွေက ထိခိုက်လွယ်တော့လည်း
ဒဏ်ရာတွေကို ကြိတ်မှိတ်မြိုသိပ်လို့
စိတ်ဓါတ်တွေကို လည်စင်းပေးလိုက်တော့မယ်
ဝဋ်ရှိခဲ့ရင်လည်း သည်ဘ၀မှာပဲ ကျေပါစေတော့လေ ... ။ ။

ငါတို့ အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..

ငါတို့ အတောင်ပံခတ်သံဟာ ကဗျာနံရံကိုရိုက်ခတ်..

သံယောဇဉ် အမျှင်အတန်းအားလုံး
အ၀မှာ ချိတ်ဆွဲထားခဲ့တယ်
ရှည်ရင်ရှည်မယ် ၊ပုရင်ပုမယ်
ပိန်ရင်ပိန်မယ် ၊၀တာရှိမယ်
ဒါပေမယ့်
အကုန်လုံးက တစ်သားတည်းပဲ
နေရပ်ကိုလွမ်းမယ်
တစ်ယောက်သောသူကို သတိရမယ်
ငါတို့လည်း နှလုံးသားနဲ့ပဲ
တစ်ယောက်မကောင်း အများကို ငါတို့လဲမကြိုက်ခဲ့ဘူး
နောက်တစ်ခါ မမှားမိဖို့ ကိုယ်ပိုင်အသိရှိခဲ့ကြတယ်
ကိုယ်နေရာ ၊ကိုယ်စားပွဲ၊ကိုယ်ကုတင်
တစ်ကိုယ်ရေကအစ
ကိုယ့်စိတ်ဓါတ်တစ်ခုလုံး
သန့်ရှင်းသပ်ရပ်ဖို့
အစစ လေ့ကျင့်ယူရတာပဲလေ
သူလုပ်ရင် ကိုယ်လဲလုပ်နိုင်ရမယ်
ဒါပေမယ့်
သူလဲရင် ကိုယ်ထူလို့
ကိုယ်လဲတော့လဲ သူတို့တွေကထူမတယ်
အုံနဲ့ကျင်းနဲ့မေတ္တာတွေ
အစားထိုးပြန်ရတယ်
မိုးရွာတယ် ၊နှင်းကျမယ်
ရာသီဥတုကတော့ အစိုးမရဘူး
လုပ်ရမယ့် အလုပ်ကိုတော့
နေ့စဉ်နေ့တိုင်း ရွတ်ဆိုပြဌာန်းတယ်
အသက်နဲ့ ရင်းရမယ့် စွန့်စားမှု့ အတွက်
ကိုယ့်အသက်ကိုယ် ရှာကျန်မွေးရတယ်
မသေဆေးတွေကို မြိုမြိုချခဲ့ရ
ဒီလိုနဲ့ပဲ..
ကျောင်းတော်သာရဲ့ အရပ်မှာ
ချယ်ရီတွေအထပ်ထပ် ပွင့်ကြပြန်တယ် ။

ဘ၀ဘ၀တွေထဲ တိုးဝင်မိခဲ့ကြပြီ
အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသလို
ဝါးလုံးသိမ်းရိုက်ချက်တွေအောက်မှာ
အများတကာရဲ့ ဗီလိန်မြင်ကွင်းထဲ
ကိုယ်ကျင့်နဲ့ ပညာကိုလက်ဆွဲလို့
ငါတို့ထွန်းလင်းကြပါစို့
ချစ်တတ်ပါစေ၊ ချစ်တတ်ပါစေ
ရင်ခွင်တစ်ခုလုံး ထစ်ချုန်းအောင်
အကြိမ်ကြိမ် ရွတ်ဆိုမိတယ်
မြစ်တစ်စင်းမှာ လက်ပစ်ကူးချင်ရင်
အဲဒီမြစ်ရဲ့ ရာဇ၀င်အကြောင်း
အဆိုးအကောင်းကိုတော့ သိသင့်ပါတယ်
နားရွက်တစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ပိတ်ဆို့ထားရတဲ့အခါ
ငါတို့ "အကြား" ဟာ တရားတယ်လို့ ဆိုနိုင်မလား
မျက်ဝန်းတစ်စုံရှိပါရဲ့ နဲ့
ကျန်တဲ့တစ်ဖက်ကို ဖုံးကွယ်ထားရတဲ့အခါ
ငါတို့ "အမြင်" ဟာ ကြည်လင်တယ်လို့ ဆိုနိုင်မလား
နေ့နဲ့ညရဲ့ အကူးအပြောင်း
အရုဏ်ဦးရဲ့ တေးသွားအလှမှာ
သံပြိုင်လိုက်ဆိုကြဖို့ သိပ်လွယ်ပါတယ်
လူတစ်ယောက်ရဲ့ အတွေးအမြင်ကူးပြောင်းခြင်းမှာတော့
ဟိုးရှေးရှေးတုန်းကနေ အခုချိန်ထိ
အမည်တပ်စရာ ခေါင်းစဉ်များစွာဟာ
အသစ်အသစ်တွေနဲ့ မွေးဖွားလို့ကောင်းတုန်း
အလှဆုံးအပြုံးတစ်ပွင့်မှာ
လျှို့ဝှက်နက်နဲနေဖို့ မလိုပါဘူး
ရိုးရှင်းသန့်စင်နေဖို့ပဲ လိုပါတယ်လေ
အမြင်မတူရင် ရန်သူတဲ့လား
ပညာရှိကြီးများခင်ဗျား
အဲဒီလို..
အပေါ်စီးကနေ ပြုံးပြုံးကြီး မကြည့်ကြပါနဲ့
ခင်ဗျားတို့ စီးသွားမဲ့ ဖိနပ်တစ်ရံမှာ
ဘယ်တော့မှ မပြတ်တဲ့ သဲကြိုးတစ်စုံဟာ
ကျွန်တော်တို့ ရင်ထဲမှာငုံနေတဲ့ သစ္စာတရားပါဗျာ။

တွေးခေါ်နိုင်တဲ့ဦးနှောက်နဲ့
ဆိပ်ကမ်းကနေ ကြိုးဖြည်ခဲ့သူများ
လေရဲ့တိုက်ခတ်ပုံအကြောင်း
ရွေ့သွားတဲ့ လှေငယ်ရဲ့ ဦးတည်ချက်မှာ
ဘယ်အရပ်ကို ဆိုက်ကပ်သွားမယ်ဆိုတာရယ်
မြေပုံနဲ့ ကွန်ပတ်
ငါတို့ခြေထောက်တွေကို
ဘယ်လိုတန်ဖိုးဖြတ်မယ်ဆိုတာရယ်
ခဏခဏအစာကြေနေတဲ့အတွက်
ဘယ်မှာပဲနေနေ ၊ရွက်လွင့်နေမိမှာပါ
ဝေးကွာလွမ်းဆွတ်ရလွန်းတဲ့အခါ
ကိုယ့်အသိုက်အမြုံလေးကိုတော့
စိတ်ထဲကနေ ပျံမိနေတတ်တာပေါ့
အသက်ရှူရတာချင်းအတူတူ
ငါတို့ပုခုံးတွေက ပိုလေးတယ်လို့
သတ်မှတ်ချက်တွေနဲ့ ဘောင်မခတ်ပါဘူး
ငါတို့ရှူသွင်းခဲ့တဲ့လေထဲမှာ
အဆိပ်တွေလည်း ပါနိုင်ပါတယ်
ငါတို့မရေးခဲ့ရတဲ့သမိုင်းထဲမှာလဲ
ခြေပြတ်လက်ပြတ်၊အစာငတ်
အသက်သွေးချွေးတွေနဲ့ ရေးခဲ့ကြလို့
အခုလိုရွှတ်ဆိုခွင့်ကို ရကြတာပေါ့
ရွတ်ဆိုနေကြ အပိုင်းအစကိုတော့
နှုတ်ဖျားမှာ စာလုံးမပေါင်းတော့ဘူး
ရင်ထဲကနေ အခါခါ ကျင့်သုံးရွတ်ဖတ်ကြမယ်
ဥဒါန်းတွေချွေ…..
ကြယ်တွေကြွေကြ….
သစ္စာဆိုတဲ့ ဂုဏ်ဒြပ်
မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကိုတော့
မေ့ထားလို့မရဘူး
ဘယ်လိုပဲ အသက်ရှင်နေရပစေ
လူတစ်ယောက်ရဲ့ ဘ၀မှာတော့
ငါတို့ လူပီသအောင် နေတတ်သေတတ်ရဦးမယ်။

တင့်ထူးရွှေ+ ညိမ်းညို
(အွန်လိုင်းဗားရှင်း)

ဒီကဗျာလေးက ကျွန်တော့်သူငယ်ချင်း ညိမ်းညို နဲ့  တင့်ထူးရေတို့ ရဲ့ ကဗျာလေးပါ။ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ အရာဟာ တစ်ခုတည်းသော ဆန္ဒပါ ။ ကျွန်တော့်ကို ပြန်ဖော်ပြခွင့်ပေးတဲ့ သူငယ်ချင်းနှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်ဗျာ ... ။

ကာလနဂါး

အရေးတစ်ကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ
"ဘ၀" ဆိုတာနဲ့ ဘာလို့ "ရှင်သန်ခြင်း" လို့
အဓိပ္ပါယ် ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ ကြိုက်တယ်
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့
သံပတ်ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်
လေ့ကျင့်ခန်းမှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး
ကျေးဇူးပြုပြီး
ငါ့ကို "သောက်ရူး" လို့ခေါ်ပါ
မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကိုပိတ်ထားလိုက်ရုံပါပဲ
ဟော ငါဘယ်လောက်လိမ္မာတဲ့ကောင်လဲကွယ်
ဟောဒီ သောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်
ငါ့ဆီ ဂုဏ်ပြုဖိတ်စာပို့ဖို့မလို
ငါ့လိပ်စာ ငါမသိ
ငါ့အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး
အို မိတ်ဆွေတို့ .....
နိုင်ငံကြီးသား အပေါင်းတို့ 
သွေးနဲ့ ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်

နိုင်ငံကျော်တွေအားလုံးကို သနားတယ်
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး.......။ ။

မင်းခိုက်စိုးစန်


ကဗျာခေါင်းစဉ်လည်း မမှတ်မိတော့ပါဘူး။ ကဗျာဆရာလည်း ၀ိုးဝိုးဝါးဝါးပဲ ။ ဆရာ မင်းခိုက်စိုးစန်ဖြစ်မယ်ထင်တယ် မသေချာပါဘူး။
စိတ်ညစ်တိုင်း ထုတ်ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ ... ။ တစ်ခုခုတော့ ကျန်ခဲ့မယ်ထင်လို့ ............။

ကဗျာခေါင်းစဉ်နဲ့  ကဗျာဆရာကိုပြောပြပေးတဲ့ ညိမ်းညို ကို ကျေးဇူးတင်ပါတယ်ဗျာ။

တန်ပြန်

ယဉ်ကျေးဖို့ အတွက်
ငါ့လက်တွေ ထုဆစ်ခဲ့တာမှ မဟုတ်တာ
သည်းခံခြင်းဆိုတဲ့ ဝေါဟာရအတွက်
ဘာတွေထပ်ပြီး ပေးဆပ်ရမလဲ
ရိုင်းစိုင်းဖို့ အတွက်ရော
ဘာတွေကို ဖောက်ထွက်ရဦးမှာလဲ
စိတ်ဓါတ်ကို မှတ်ကျောက်အတင်ခံမလို့လား
ကြိုက်တာယှဉ်ပါ
အနိုင်အရှုံး နှစ်ခုပဲရှိတယ်
ကိုယ်ကျင့်တရားအတွက်တော့
နှစ်ဘ၀စာ အကျောပေးလိုက်မယ်
ခရမ်းလွန်ရောင်ခြည်သင့်ပြီးတဲ့ နှလုံးသားက
ဒဏ်ရာထပ်ရရင်
ရင်ခုန်မယ်ထင်လို့လား
မသိသေးရင် ထပ်ပြောမယ်
ယောင်္ကျားချင်းကတော့ ခပ်ပါးပါးပဲ .............................။

ဘာရယ်မဟုတ်ပါဘူးဗျာ အထက်စီးက ပြုံးတတ်တဲ့သူတွေကို မခံစားနိုင်လို့ပါ .......။

ဒုတိယမြောက် ဖွင့်မိခြင်း

၂၁ ရာစု အလွန်မှာ
အသိဥာဏ် ဆိုတာ
'လက်တစ်လုံးခြား လှည့်ဖျားခြင်း'တဲ့..............။

အတ္တဘောတွေကတော့ တစုံတရာနောက်
ဝရုန်းသုံးကား ပြေးလိုက်ကြ
ကဗျာတွေကတော့ သွေးသံရဲရဲ
အတ္တတွေကတော့ ဖရိုဖရဲ ပြန့်ကျဲလို့

ခွေးတွေက အာပြီး
ကျီးတွေက ဟောင်တယ်
ငါကတော့ တယောတစ်လက်နဲ့ 
အဲဒီအချိန်မှာပဲ............
ရောမ မြို့ ကြီးဆီက မီးတောက်တွေ မြင်လိုက်ရတယ် ..........။ ။

မင်း နဲ့ ငါ

ရက်စက်လိုက်တာ ..............
ဘာလို့လဲကွာ ......
ငါ့ရဲ့ ညတွေ အထီးကျန်ဆန်လွန်းလှပါပြီ
ငါ့နဲ့  နှလုံးသားထပ်တူကျတဲ့ သူတွေ ဘယ်မှာလဲကွာ
ငါတို့ကို ဘာလို့ မကြည်ဖြူနိုင်ရတာလဲ
နွေးထွေးပျော်ရွှင်ခဲ့တဲ့ အရင်လို အချိန်တွေ
ဘယ်တော့မှ ပြန်ရမှာလဲ ....................
ငါ ဘယ်သူ့ ကို အပြစ်တင်ရမလဲ
ဘယ်သူ့ ကိုရော တောင်းပန်ရမလဲ
ငါ့ဘ၀ကို လိုရာသုံးပါ
တစ်ခုပါပဲ.................
ငါတို့ရဲ့ နှလုံးသား နယ်မြေလေးကို
ပြန်လည် အသက်သွင်းပေးပါ......
ကံကြမ္မာရေ .........
မင်း နဲ့ ငါ ရန်သူတွေ ဖြစ်နေပါရော့လားကွာ ........။