ကာလနဂါး

အရေးတစ်ကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ
"ဘ၀" ဆိုတာနဲ့ ဘာလို့ "ရှင်သန်ခြင်း" လို့
အဓိပ္ပါယ် ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ ကြိုက်တယ်
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့
သံပတ်ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်
လေ့ကျင့်ခန်းမှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး
ကျေးဇူးပြုပြီး
ငါ့ကို "သောက်ရူး" လို့ခေါ်ပါ
မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေး နှစ်လုံးကိုပိတ်ထားလိုက်ရုံပါပဲ
ဟော ငါဘယ်လောက်လိမ္မာတဲ့ကောင်လဲကွယ်
ဟောဒီ သောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ်
ငါ့ဆီ ဂုဏ်ပြုဖိတ်စာပို့ဖို့မလို
ငါ့လိပ်စာ ငါမသိ
ငါ့အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဖို့ အကြောင်းမရှိပေဘူး
အို မိတ်ဆွေတို့ .....
နိုင်ငံကြီးသား အပေါင်းတို့ 
သွေးနဲ့ ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ
ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်

နိုင်ငံကျော်တွေအားလုံးကို သနားတယ်
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး.......။ ။

မင်းခိုက်စိုးစန်


ကဗျာခေါင်းစဉ်လည်း မမှတ်မိတော့ပါဘူး။ ကဗျာဆရာလည်း ၀ိုးဝိုးဝါးဝါးပဲ ။ ဆရာ မင်းခိုက်စိုးစန်ဖြစ်မယ်ထင်တယ် မသေချာပါဘူး။
စိတ်ညစ်တိုင်း ထုတ်ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ ... ။ တစ်ခုခုတော့ ကျန်ခဲ့မယ်ထင်လို့ ............။

ကဗျာခေါင်းစဉ်နဲ့  ကဗျာဆရာကိုပြောပြပေးတဲ့ ညိမ်းညို ကို ကျေးဇူးတင်ပါတယ်ဗျာ။

5 comments:

Layma said...

အခု ဘလော့ခ်နေတဲ့ ဘလော့ခ်ဂါတွေထဲမှာ...လေးမလောက် ဘယ်သူမှ အိပ်ရေးဝမှာမဟုတ်ဘူး..။ အိပ်လို့ကောင်းလိုက်တာ.... ၀ါး....ပြန်အိပ်လိုက်ဦးမယ်...။

eithu said...

ကောင်းလိုက်တာရှင် ..
တစ်ခါတစ်လေ လည်း အဲဒီလို အိပ်ရေး၀၀ အိပ်ချင်သား
ခု ၂ နာရီတောင်ကျော်နေပြီ ..
ဒီလိုပါပဲ .. လုပ်သင့်တာတွေရော ..လုပ်ချင်တာတွေရော
ဦးစားပေးမိတော့ အိပ်ချိန်တွေပဲ စတေးရတာပေါ့ ...
ခုဒါဖတ်ပြီးအိပ်တော့မယ် ..
သိပ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ ..မျှဝေတဲ့ အတွက် ကျေးဇူး ^.^

Pie Min Swe said...

ဒီကဗျာကို ကြိုက်တယ် ဆိုတဲ့ အကြောင်းပါ။

မေပျို said...

ကိုမျှားပြာရေ ....
ဒီကဗျာလေးကို နှစ်သက်မိပါတယ်။ မေပျိုကတော့ အခုအိပ်ရေး၀၀မအိပ်ရတာ ကြာပါပြီ။ အင်တာနက်က ည၁၀နာရီကနေ မနက်၎နာရီမှ ပျက်တာဆိုတော့ အိပ်လိုက်ရမှာ နှမြောတာနဲ့ထိုင်ထိုင်သုံးနေရတယ်လေ။ မနက်ကျတော့လည်း စာမေးပွဲကရှိတော့ စောစောထရပြန်ရော... ဒီလိုနဲ့ပဲသံသရာလည်နေတာပဲ... ဒီကဗျာလေးကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....

မျှားပြာ said...

လေးမရေ ၀အောင်သာအိပ်ပေတော့
မအိသူရေ ဒီလိုပါပဲဗျာ
ဟုတ်ကဲ့ ကိုနောင်တော် ကျေးဇူဗျာ
မမေပျို ကောင်းပါတယ်ဗျာ ကိုယ်လုပ်ချင်တာ လုပ်ရတာပဲ
မအိပ်ရတာ တန်ပါတယ်