ဤခရီးနီးသလား

လူတကာကိုအဆင်ပြေစေချင်တဲ့ မင်းရင်ဘတ်ထဲ
လေပူတွေ ဝေ့နေဆဲလား
ဘာတွေကို မင်းငတ်မွတ်ခဲ့တာလဲ
ဘယ်တော့များ မင်းလမ်းတွေဖြောင့်လိမ့်မလဲ
ငါဆုတောင်းပေးတယ် မျှားပြာရေ
မုန်တိုင်းဆဲရင်တော့ လေပြေလာလိမ့်မှာပေါ့
ခံနိုင်ရည်တွေကတော့ မင်းရဲ့နောက်ဆုံးခံတပ်ထဲ
စိန်ခေါ်ပွဲတွေ အဆက်မပြတ်စွာနဲ့တရစပ်
မင်းလမ်းတွေ ဖြောင့်နေဖို့
မင်းအရိပ်တွေ မင်းအပေါ် ...။

အမှန်တရားကို မြတ်နိုးတဲ့မင်း
ထစ်ခနဲရှိ ပေါက်ကွဲလိုက်ရမှ
မတရားတာတွေ့ ရင် ငြိမ်မနေတတ်တဲ့စိတ်
အခုတော့ တိတ်တိတ်လေးပုန်းနေကြပြီနော်
ဆိုးတယ်၊မိုက်တယ်ဆိုတာ
မင်းရဲ့ခဏတာထွက်ပေါက် မဟုတ်မှန်းသိတော့
အခုသည်းခံစိတ်တွေ မွေးနေပြန်ရောပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မင်းရွေးချယ်မှုကို
နောင်တမရစေလိုတော့ဘူး
စိတ်ကောင်းရှိတဲ့ မင်းအတွက်
မေတ္တာဆိုတာ အလျား၊အနံမရှိပေမယ့်
အသွားအပြန်ရှိတယ်ဆိုတာ ...။

သွားပါ သူငယ်ချင်း
အတောင်ညောင်းလာရင် ခဏနားလိုက်ပါ
အလျော်အစားတွေများတဲ့ ဘ၀ထဲမှာ
မင်းလျှော်ဖွတ်စရာတွေ ထည့်ပေးလိုက်
နောက်ဆုံးလက်ကျန်သွေးတစ်စက်ထိ
အပြာရောင်မျှားတစ်စင်း ကောင်းကင်မှာလင်းလက်နေမယ်လို့
မနေ့ကမနက် နေအထွက်မှာ
မင်းရင်ဘတ်လေးက ငါ့ကိုပြောခဲ့သေးတယ် ...။

အရှုံးပေးလို့မကောင်းတဲ့အရာထဲမှာ ဘ၀ဆိုတာ
ထိပ်ဆုံးကပါတယ်ဆိုတာ လက်ခံတယ်ဆိုရင်
မင်းအခု ကောင်းကင်ကိုမော့ကြည့်လိုက်
အသက်ကို ဖြေးဖြေးခြင်းရှိုက်
လေပြေတွေ မင်းကိုတိုက်ခတ်လာလိမ့်မယ်
မင်းစိတ်ထဲရှိသလောက် ရင်ဘတ်ထိရောက်အောင်
အဲဒီလေတွေကို နမ်းရှိုက်လိုက်
ပြီးတော့ ... .... ....
မင်းရယ်သံတွေ ငါကြားရလောက်တဲ့အထိ
ဟားတိုက်လိုက်စမ်းကွာ ... ... ... ။

တင့်ထူးရွှေ

ဆေးလိပ်တိုနဲ့ လျစ်လျူရှု့ ခြင်း

ဆေးလိပ်တို


ဖြူဖြူတောင့်တောင့်

ခပ်ဖြောင့်ဖြောင့်

စတိုင်အတွက်ဖြစ်ဖြစ်

အကြိုက်ကြောင့်ဖြစ်ဖြစ်

ငါ့မှာ့လူကြိုက်များလို့ ...

(မနှစ်မြို့တဲ့ သူတွေလည်းရှိတာပေါ့ ) ။

ကြည့်စမ်းပါအုံ့း့

သူ့ဆန္ဒ ပြည့်ဝဖို့

ငါ့မှာလောင်ကျွမ်းလိုက်ရတာ

မီးခိုးတွေတောင် တအူအူထွက်လို့ ။

ခါးကနေအညှပ်ခံ

ငါ့ဆံပင်တွေမီးလောင်တိုက်သွင်းရင်း

ဘ၀ ဆိုတာပေးဆပ်ခြင်းတဲ့လား

သို့လော...သို့လော တွေးနေရင်း

ငါ့ ဘ၀ကို ငါကျေနပ်လို့ ။ ။

သိပ်မကြာလိုက်ပါဘူး

အစာဝရင် ပျံကြသတဲ့

လိုအင်ပြည့်ရင် စွန့်ပစ်တတ်တဲ့

အစီခံသာကျန်တော့လို့

ပြန်လည်ငဲ့ကြည့်ခြင်းမခံရတော့တဲ့

အမှိုက်ပုံးထဲက ငါ့ ဘ၀ ကို

တစ်ခါတစ်လေတော့ စိတ်နာသလိုဖြစ်သား ။ ။

သဲဦးပိုင် (တန့်ဆည် )


လျစ်လျူရှု့ ခြင်း


ကြာခဲ့ပြီ ကိုယ့်ကိုကိုယ် ပြန်ဖတ်တတ်အောင်

မကြိုးစားခဲ့တဲ့အချိန်ထိ သူနဲ့အသက်ရှုတယ်

ပေါပေါများများရတဲ့လေတွေကို

အနံ့ရွေးလာတဲ့ နှာခေါင်းက

မက်မက်စက်စက် ရှုသွင်းပြီး

ဒီအတ္တဘောကြီး အလုပ်လုပ်ဖို့အတွက်

သူက သစ္စာရှိတယ်

ကျွန်တော်ကတော့ စိတ်ချမ်းသာဖို့အတွက်

သူ့ကို တိုက်ခိုက်တယ်၊ ထိုးနှက်တယ်၊ဖျက်ဆီးတယ်

သူကတော့ အပြုံးမပျက်ဘူး

ဘယ်လောက်ပဲ မောပန်းနေပါစေ

ကျွန်တော့်အတွက် အမြဲအလုပ်လုပ်တယ်

သူက သစ္စာရှိတယ်

နောက်တော့ ကျွန်တော်တဖြည်းဖြည်းမိုက်ရိုင်းလာတယ်

ကျွန်တော့်သူ့ ကို ကန်ထုတ်လာတယ်

သူ့အလုပ်တွေကို ရင်ဘတ်ကိုလုပ်ခိုင်းလာတယ်

ကျွန်တော့်ရင်ဘတ်ကြီးနုံးချိလာရင်တောင်

သူက အမြဲတမ်းအားပေးတယ်

သူ့ တာဝန်သူကျေတယ်၊ သူကသစ္စာရှိတယ်

ဒီနေ့ သူက တိုးတိုးလေးပြောသွားတယ်

အရမ်းမောတယ်တဲ့ …

ကျွန်တော်ကတော့ ဟက်ဟက်ပက်ပက်ပြုံးပြီး

အပြာရောင်အငွေ့ တွေကို

မက်မက်မောမောရှိုက်သွင်းလို့ … … …။

ကိုသဲဦးပိုင်ရဲ့ကဗျာလေးဖတ်ပြီး ကိုယ့်ဘက်ကိုယ်ယက်ကြည့်တာ။ ကိုယ့်ကိုကိုယ် မီးရှို့ဖို့တောင် ပိုက်ပိုက်မရှိတဲ့ဘ၀ ဟတ်ဟတ် ပျော်စရာကြီးဗျာ ….။

အပြုံးတစ်ပွင့်၏ကောက်ကြောင်း

အပြုံးတစ်ပွင့်၏ကောက်ကြောင်း

တခါတခါ ဦးနှောက်ကိုအလုပ်ပေးလွန်းတော့
ဝိရောဓိတွေနဲ မိုးလင်းခဲ့တယ်
( တလွဲဆံပင်ကောင်းခဲ့တာတော့ မဟုတ်ဘူး )
ခန္တီစတရားရဲ့သင်ခန်းစာတွေကို အလွတ်ကျက်မှတ်ခဲ့တာ
ရာဇ၀င်သစ်သက်သက် ရေးသားဖို့မဟုတ်ဘူး
ပျော်ရွှင်မှုကို အလွဲသုံးစားလုပ်တတ်တဲ့သူတွေမှာ
ရိုးသားမှုကချိနဲ့လွန်းလို့ အိမ်တွင်းအောင်းနေပေမယ့်
လိမ်ညာမှုတွေက ဒေါင်ဒေါင်မြည်လျှောက်သွားတတ်တယ်
ဆရာဝန်တစ်ယောက်ကတော့ Rehabilitation ကို
ခြေကျိုးလက်ကျိုး၊မြင်းလှည်းမောင်း၊ဆိုက်ကားနင်း၊ရေထမ်းလို့
နောက်တီးနောက်တောက် အဓိပ္ပါယ်ဖွင့်တယ်
ငါကတော့ Rehabilitation ကို
"ရင်ဘတ်အဌားချခြင်း"လို့ အဓိပ္ပါယ်ဖွင့်မယ်
လှုပ်လီလှုပ်လဲ့နဲ့ ရထားတစ်စင်းကတော့ သွားနေတုန်းပဲ
အေးစက်ငြင်သာတဲ့ ဇာတ်သိမ်းခန်းမရောက်ခင်ကို
ရင်ဘတ်ထဲဝင်ကြည့်တတ်တဲ့ နလပိန်းတုံးတစ်ယောက်ရဲ့
မျက်နှာမှာ အပြုံးတစ်ချက်အသက်ဝင်သွားတယ်။ ။

ရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်

ရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်

ကျွန်တော်ကရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်လေ
တခါတခါ ဖောက်ထွက်တွေးလိုက်တာ
ကျွန်တော်ရင်ဘတ်ကြီး ဖြစ်နေတယ်
တိမ်တွေကို လိုက်မဖမ်းပဲနဲ့ ကျွန်တော်
ကောင်းကင်ပေါ်က ပြုတ်ပြုတ်ကျတယ်
ကမ္ဘာမြေကြီးက ကန်မထုတ်ပဲနဲ့ ကျွန်တော်
လေထဲကို ခဏ၊ခဏ လွှင့်ထွက်သွားတယ်
ပန်းတစ်ပွင့်ကို ရူးရူးမိုက်မိုက်နမ်းရှိုက်ချိန်ကြတော့
ကျွန်တော် အဆိပ်သင့်သွားတယ်

ချစ်ရတဲ့သူတွေက ပြောတယ်
အဲဒါတွေကို မျိုချ၊မျိုချ အဲဒါတွေကို အန်ချ၊အန်ချ
ကြာလာတော့ ကျွန်တော်ကိုယ်တိုင်က မဖြူစင်တော့ဘူး
ခင်ဗျားတို့ကလည်း ကျွန်တော့်ရင်ဘတ်ကို သပ်လျှိုကြတယ်
ကျွန်တော်တို့ မျက်လုံးခြင်းဆုံပြီး ရင်ဘတ်နဲ့စကားပြောမယ်
မေတ္တာတွေ သစ္စာတွေ ကရုဏာတွေ
အလိမ်အညာတွေကိုတော့ စာလုံးပေါင်းမပြကြေး
အားလုံးကိုတော့ဖိတ်ခေါ်မယ် လာသာလာခဲ့ပါ
ဒီနေရာမှာ ခင်ဗျားတို့မုန်းတဲ့အရောင်နဲ့ ကျွန်တော်က
ခင်ဗျားတို့ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတတ်တယ်
ကျွန်တော်ကရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်လေ...။

ကျွန်တော်ရဲ့သူငယ်ချင်းတွေအားလုံးကို ဂရုမစိုက်သလို ဖြစ်နေတာလဲ ကြာပါပြီ။ အချိန်မှန်မှန် ဆီဗုံးမှာ စာမပြန်၊ ပိုစ့်အသစ်လည်း မတင်နဲ့ ကျွန်တော့်ရဲ့နှလုံးသားရပ်ဝန်းလေးနဲ့ ဝေးကွာနေတာ ကြာနေပါပြီ။ စာမေးပွဲမပြီးသေးတာကတော့ မပြီးသေးပါဘူး။ နှစ်သစ်ကူးမဲ့သန်းခေါင်ယံက စလို့ အဆင်မပြေလိုက်တာ ခုချိန်ထိကို ဘာတစ်ခုမှ အဆင်မပြေသေးဘူး။ ကျွန်တော်မုန်းတဲ့ကျွန်တော့်မျက်နှာပေါ်က မဲ့ပြုံးတွေတောင် အစီအရီနဲ့ ရယ်သံတွေက တဖြည်းဖြည်းအက်ကွဲလာတယ် အဟတ်ဟတ် ...။ ကံကြမ္မာက တစ်နေ့တော့ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်မှာပါ။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ။

ညီအစ်ကိုတွေရဲ့ ဒီဇင်ဘာ (၃၁)

ညီအစ်ကိုတွေရဲ့ ဒီဇင်ဘာ (၃၁)


ဒီနေ့ ...

တို့ညီအကိုတတွေ ပျော်ဖို့ကောင်းလိုက်တာ

လောကကြီးတစ်ခုလုံး လှပလို့..

လျှပ်ပန်းလျှပ်နွယ်တွေ

ရွီး..ဖောက် ဆိုတဲ့ အသံတွေ

တစ်လက်လက် အလင်းဝတ်မှုံတွေနဲ့အတူ

ငါတို့တွေ ကြိုဆိုနေမိရဲ့

ရင်ဆိုင်တွေ့ရမဲ့ အနာဂတ်ကို

လက်ဖျောက်တီးကြိုဆိုနေကြတာ ကြည်နူးစရာအတိပါပဲ

ငါတို့ ရှူသွင်းလိုက်တဲ့ အငွေ့အသက်တိုင်း

ငါတို့ ပြောနေတဲ့ အကြောင်းအရာတိုင်း

ငါတို့ကြားနေတဲ့ ဘာသာဗေဒတိုင်း

အနာဂတ်တွေ အပြည့်နဲ့

ဒီဇင်ဘာ ၃၁ ကို ထွန်းညှိလိုက်ပြီ

မျှော်လင့်ချက်တွေ လင်းလက်နေတဲ့ မနက်ဖြန်ကို

ဘာတွေနဲ့ ခြစ်ထုတ်ကြမလဲ

ရင်ခုန်သံတိုင်းကို စာလုံးထွင်းပစ်လိုက်

ပျော်ရွှင်ဖွယ် နေ့သစ်တွေ ရောက်လာလိမ့်မယ်

နွမ်းညစ်တဲ့အတွေးနုပ်တွေကို

ငါတို့နှုတ်ဆက်အနမ်းတစ်ချက် ပေးထားခဲ့ပြီးပြီပဲ

ဒုက္ခတွေနဲ့ လုံးထွေးသတ်ပုတ်နေတဲ့ ဘ၀ချိုချိုတွေကို

ကောင်းကင်ရဲ့ အလင်းသစ်တွေနဲ့

ခွန်းဆိုလက်ဆွဲနှုတ်ဆက်ရင်း ကြိုဆိုနေမိပြီ ၂၀၀၈ ရေ....

အငြိုးအာဃာတတွေ အတ္တအမုန်းတွေကို

စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့

နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့

ဆေးကြောလိုက်ကြမယ်

တို့တစ်တွေ

အနာဂတ်ကို ပျော်ရွှင်စွာ

မျှော်လင့်ကြပါစို့...


တင့်ထူးရွှေ + ဖြိုးငယ် + ညိမ်းညို+ လွမ်းစေ




အားလုံးသော အစ်ကိုတွေ၊ အစ်မတွေနဲ့ သူငယ်ချင်းတွေ အားလုံး မင်္ဂလာနှစ်သစ်ပါဗျာ။ ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေကို လိုက်လံမနှုတ်ဆက်နိုင်လို့ အားလုံးကို ဒီကပဲ နှုတ်ဆက်ပါတယ်ဗျာ။ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေသော နှစ်သစ်ဖြစ်ပါစေဗျာ။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ကဗျာလေးနဲ့ပဲ နှစ်သစ်မှာ အားလုံးကို နှုတ်ခွန်းဆက်လိုက်ပါတယ်။