ရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်

ရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်

ကျွန်တော်ကရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်လေ
တခါတခါ ဖောက်ထွက်တွေးလိုက်တာ
ကျွန်တော်ရင်ဘတ်ကြီး ဖြစ်နေတယ်
တိမ်တွေကို လိုက်မဖမ်းပဲနဲ့ ကျွန်တော်
ကောင်းကင်ပေါ်က ပြုတ်ပြုတ်ကျတယ်
ကမ္ဘာမြေကြီးက ကန်မထုတ်ပဲနဲ့ ကျွန်တော်
လေထဲကို ခဏ၊ခဏ လွှင့်ထွက်သွားတယ်
ပန်းတစ်ပွင့်ကို ရူးရူးမိုက်မိုက်နမ်းရှိုက်ချိန်ကြတော့
ကျွန်တော် အဆိပ်သင့်သွားတယ်

ချစ်ရတဲ့သူတွေက ပြောတယ်
အဲဒါတွေကို မျိုချ၊မျိုချ အဲဒါတွေကို အန်ချ၊အန်ချ
ကြာလာတော့ ကျွန်တော်ကိုယ်တိုင်က မဖြူစင်တော့ဘူး
ခင်ဗျားတို့ကလည်း ကျွန်တော့်ရင်ဘတ်ကို သပ်လျှိုကြတယ်
ကျွန်တော်တို့ မျက်လုံးခြင်းဆုံပြီး ရင်ဘတ်နဲ့စကားပြောမယ်
မေတ္တာတွေ သစ္စာတွေ ကရုဏာတွေ
အလိမ်အညာတွေကိုတော့ စာလုံးပေါင်းမပြကြေး
အားလုံးကိုတော့ဖိတ်ခေါ်မယ် လာသာလာခဲ့ပါ
ဒီနေရာမှာ ခင်ဗျားတို့မုန်းတဲ့အရောင်နဲ့ ကျွန်တော်က
ခင်ဗျားတို့ကို နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတတ်တယ်
ကျွန်တော်ကရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်လေ...။

ကျွန်တော်ရဲ့သူငယ်ချင်းတွေအားလုံးကို ဂရုမစိုက်သလို ဖြစ်နေတာလဲ ကြာပါပြီ။ အချိန်မှန်မှန် ဆီဗုံးမှာ စာမပြန်၊ ပိုစ့်အသစ်လည်း မတင်နဲ့ ကျွန်တော့်ရဲ့နှလုံးသားရပ်ဝန်းလေးနဲ့ ဝေးကွာနေတာ ကြာနေပါပြီ။ စာမေးပွဲမပြီးသေးတာကတော့ မပြီးသေးပါဘူး။ နှစ်သစ်ကူးမဲ့သန်းခေါင်ယံက စလို့ အဆင်မပြေလိုက်တာ ခုချိန်ထိကို ဘာတစ်ခုမှ အဆင်မပြေသေးဘူး။ ကျွန်တော်မုန်းတဲ့ကျွန်တော့်မျက်နှာပေါ်က မဲ့ပြုံးတွေတောင် အစီအရီနဲ့ ရယ်သံတွေက တဖြည်းဖြည်းအက်ကွဲလာတယ် အဟတ်ဟတ် ...။ ကံကြမ္မာက တစ်နေ့တော့ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်မှာပါ။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ။

13 comments:

မြရွက်ဝေ said...

အဆင်ပြေပါစေ မျှားပြာရေ။

Anonymous said...

အားလုံးအဆင်ပြေလာလိမ့်မယ်လို့  မျှော်လင့်တယ်.
အမြဲပျော်ရွှင်နိုင်ပါစေ သူငယ်ချင်းရေ့
မဲပြုံးမပြုံးပဲ
ပြုံးနိုင်ပါစေဗျာ

Anonymous said...

အဲဒါကြောင့် ဆေးလိပ်မသောက်နဲ့လို့ပြောတာ..။ ရယ်သံတွေ တောင် အက်ကွဲကုန်ပြီ...။
နောက်ဆို..ဟတ်..ဟတ်..လို့ မရယ်ဘဲ..အက်..အက် လို့ရယ်မလားမသိ...။

Chaos said...

မျှားပြာရေ
ဘာပဲဖစ်ဖစ်ပေါ့လေ
ဘာတွေဘယ်လိုပဲဖစ်နေပါစေ
ကဗျာလေးကိုတော့
ရင်ဘတ်နဲ့အသက်ရှူတဲ့ကောင်လေးတစ်ယောက်ကို
ရင်ဘတ်နဲ့ခံစားသွားပါတယ်ကွာ

Winkabar said...

အားလုံးမြန်မြန်အဆင်ပြေပါစေကိုမျှားပြာရေ။ ကြားရတာတော့စိတ်မကောင်းဘူး။ အားလုံးနဂိုအတိုင်းပြန်ဖြစ်ပြီး အရင်အတိုင်းပဲပြန်ပျော်နိုင်ပါစေနော်။

Anonymous said...

ချက်ကြီးရေ...
ရင်ဘတ်နဲ့အသက်ရှူတဲ့ကောင်အတွက် ရင်ဘတ်နဲ့ခံစားပေးလိုက်တာ စိတ်တောင်မကောင်းဘူးဖြစ်သွားတယ်။ ဘာတြွေဖစ်နေလဲဝေး...။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။ အားလုံးကိုအဆင်ပြေစေချင်တဲ့ချက်ကြီးကို အားလုံးကလည်းအဆင်ပြေစေချင်တာပေါ့။ ကံကြမ္မာက အမြန်ဆုံးလက်ဆွဲနှုတ်ဆက်ပါစေ...။ အမြဲတမ်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးနိုင်ပါစေ...။

Anonymous said...

ငါပြောပါတယ်..အသက်ဆိုတာ ပါးစပ်နဲ့ရှုရတာပါဆိုမှ...အခု မင်းက ရင်ဘတ်နဲ့ရှုတော့
နှာခေါင်းက ဘာလုပ်မှာလဲ...ဗူးမှာပေါ့..ဟုတ်ဘူးလား...ပျော်ရွှင်ပါစေကွာ

သဇင်ဏီ said...

ရင်ဘတ်နဲ့အသက်ရှူတယ်တဲ့
မိုက်တယ်နော်..
အားလုံးအဆင်ပြေပါစေကိုပြာရေ :)

မွန် said...

စာလုံးပေါင်းမပြကြေးလို့ ပြောတာ
တိုက်ပင်မတိုက်ပြကြေးလို့မှ မပါတာနော်
နှစ်နှစ်ခြိုက်ခြိုက်ပြုံးတာကို
တိုက်ပင်တိုက်ရင်း လာကြည့်တာပါ
မွန်တို့မုန်းတဲ့အရောင်က ဆနွင်းရောင် ဟီး

Unknown said...

ကံကြမ္မာကလက်ဆွဲနှုတ်ဆက်လိုက်ရင်ခံနိုင်ရည်ရှိပါ့မလား..?အဟတ်ဟတ်...ယူ..လိုရီကြည့်တာ..ယူ...အဆင်ပြေပါစေ..m,,,,.နဲ့ လဲပေါ့ ..ရင်ဘတ်နဲ့အသက်ရှူကြည့်တာမောတယ်...မဲ့ပြုံး..ပြုံးရတာလဲ...ဘာဘဲပြောပြောငြိမ်းချမ်းအောင်မြင်ပျော်ရွင်အဆင်ပြေပါစေ.....:)

nu-san said...

မျှားပြာလည်း အစစ အဆင်ပြေပါစေဟာ.. ဘယ်လိုပြောပြီး အားပေးရမှန်းတောင် မသိတော့ပါဘူး.. စိတ်မညစ်နဲ့ စိတ်မပျက်နဲ့ မျှားပြာရေ.. ကံကြမ္မာက မကြာခင်မှာ လက်ဆွဲနှုတ်ဆက်မှာပါ....

Anonymous said...

ဟဟ... ဂလိုဖစ်ကုန်တာလဲဟ၊
ကျွန်တော်ကရင်ဘတ်နဲ့ အသက်ရှုတဲ့ကောင်လေ
တခါတခါ ဖောက်ထွက်တွေးလိုက်တာ
ကျွန်တော်ရင်ဘတ်ကြီး ဖြစ်နေတယ်
တိမ်တွေကို လိုက်မဖမ်းပဲနဲ့ ကျွန်တော်
ကောင်းကင်ပေါ်က ပြုတ်ပြုတ်ကျတယ်
ကမ္ဘာမြေကြီးက ကန်မထုတ်ပဲနဲ့ ကျွန်တော်
လေထဲကို ခဏ၊ခဏ လွှင့်ထွက်သွားတယ်
ပန်းတစ်ပွင့်ကို ရူးရူးမိုက်မိုက်နမ်းရှိုက်ချိန်ကြတော့
ကျွန်တော် အဆိပ်သင့်သွားတယ်။
ကြိုက်တယ် ဒီနေရာလေးကို....
ဟုတ်တယ်ဟုတ်.........။

Unknown said...

စိုးကြီး

ကို မင်းလူရဲ့ကဗျာတွေ အရမ်းကြိုက်ပါတယ်...
ဆက်လက်ပြီး ကဗျာကောင်းတွေအများကြီးရေးနိုင်ပါစေ...