သတိပေးခြင်း

ပြောလိုက်စမ်း
ဒီရင်ဘတ်ကို
ပျစ်ပျစ်နှစ်နှစ်၊

ဆဲလိုက်စမ်း
ဒီရင်ဘတ်ကို
ပက်ပက်စက်စက်၊

ကန်လိုက်စမ်း
ဒီရင်ဘတ်ကို
စိတ်ရှိလက်ရှိ၊

ထွေးလိုက်စမ်း
ဒီရင်ဘတ်ကို
'ထွီ' ကနဲ၊

မင်းတို့နင်းဖို့
ဒီရင်ဘတ်ကို
ခင်းပေးထားတာလေ၊

မလုပ်နဲ့
ဒီရင်ဘတ်ထဲက
သစ္စာတရားနဲ့
အနုပညာကို
ယောင်လို့တောင်
မစော်ကားနဲ့
ပြာဖြစ်သွားမယ်။ ။

ကြယ်ကြွေခဲ့ရင်

ဟိုမှာဘက်က အလင်းရောင်တွေ
ပြိုးပြိုးပျက်ပျက် ၀င်းလက်လို့
သံစဉ်တစ်ပုဒ်ရဲ့ တေးသွားအစဟာ
လူးလူးလွန့်လွန့်နဲ့ နိုးထ
ကောင်းကင်ရဲ့ လက်တစ်စုံနဲ့
ထူမနေတဲ့ ငါ့နှလုံးသားက
တဖြည်းဖြည်းနဲ့ ငိုက်ငိုက်ကျ
အကျည်းတန်မှန်တချပ်နဲ့ အပိုင်းအစတွေ
ရင်ထဲမှာ နွေးထွေးလာပြီ၊

လမ်းခွဲမှာမှ ထုဆစ်ခဲ့တဲ့အညိုးတွေက
သဲသဲမဲမဲနဲ့ ရွာလို့ကောင်းတုန်း
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေကိုတော့
အခုထက်ထိ မဖြည်မိသေးဘူး
ရာသီစက်ဝိုင်းတွေ အတွေးလွန်နေတဲ့
ပန်းချီကားဟာ မှော်မအောင်ခဲ့ဘူး
တောင်တန်းတွေရဲ့ အနားသတ်ဟာ
ငါ့ခြံစည်းရိုးဖြစ်မှတော့
ငါ့ဝိညာဉ်ကို ပြန်မခေါ်ချင်တော့ဘူးလေ
ဌက်ကလေးရေ ... ... ...
လောကကြီးကို အလှဆင်ပါ
တောင်ပေါ်မှာ ခေါင်းလောင်းထိုးတဲ့အထိပေါ့ ...။ ။

တစ်ရေးနိုးပါပြီ ... ...

ဝါးးးးးးးးးးးးးးး ခုမှပဲ တရေးနိုးတော့တယ်လို့ မထင်ပါနဲ့ဗျာ ... ။ မအိပ်ရတာ ၃ ရက်ရှိပါပြီ ...။ ကိုယ့်ဘာသာ တန်းပလိတ်ကို ကလိနေတာပါ ...။ ကလိလိုက် မကြိုက်လိုက်၊ ပြန်ကလိလိုက်နဲ့  ခေါင်းတွေလဲ မူးပြီး ကီးဘုတ်ဖက်ဖက်ပြီး အိပ်ပျော်သွားတာ မနက်လင်းတော့မှ ကသုတ်ကရုတ်လေး ကျောင်းပြေးတက် ပြန်လာရင် ထပ်ကလိလိုက်နဲ့ ဟိုဟာ ဒီဟာလေးတွေလဲ လုပ်ရသေးတယ်ဆိုတော့ ဘလော့ကို ပစ်ထားသလိုဖြစ်သွားတယ် ဟတ် ဟတ်။ ခုတော့ ပြီးသလောက်ရှိသွားပါပြီ။ ထပ်ပြီးတော့လည်း မကလိချင်တော့ဘူးဗျ။ ခေါင်းရှုပ်လို့။ အရောင်တွေလည်း သိပ်နားမလည်တော့ အဆင်မပြေတာရှိရင် ပြောသွားကြပါဦးဗျာ ... ... ... ။ ဆိုက်ဘားမှာ ဟိုဟာထည့် ဒီဟာထည့် မကြိုက်ရင် ပြန်ဖြုတ်နဲ့ နောက်ဆုံးတော့လည်း ဒီအတိုင်းထားတာ ကောင်းပါတယ်ဆိုပြီး ဒုံရင်း ဒုံရင်းဖြစ်သွားရော ... ကော်လံသုံးခု ထည့်ကြည့်တော့လဲ ကိုယ့်ဘာသာ မကြိုက်နဲ့ တော်တော်လေး ပေါက်ကရကလိလိုက်ပါတယ်...။ ခုတော့ ထပ်မကလိတော့ပါဘူးဗျာ ... ... ...။ အဆင်မပြေတာ ရှိရင်လည်း အကြံပေးသွားကြပါဦးနော့ ...။ ကျွန်တော့်ဆီ လာလည်တဲ့ သူငယ်ချင်း အစ်ကို အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ပိုစ့်အသစ်တွေ တင်ပါတော့မယ် ... ... ...။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ ... ... ... ။

တစ်ရေးအိပ်ဦးမယ်

လူဆိုတာ ငယ်ရာကနေကြီးလာတာဆိုတဲ့
စကားကို ငါလည်းသေချာနားမလည်သေးပါဘူး
အဲဒီတော့ ငါတို့ဟာပေါက်စနလေးတွေပေါ့
ဒီကောင်လေးတွေရဲ့ အဆိပ်ကိုဆေးဖော်ဖို့
မင်းတို့ကမှ မကြိုးစားကြတာလေ
ငါတို့ကတော့ လေလှိုင်းထဲမမျောတတ်ဘူး၊
မင်းတို့ရဲ့ ကမ္ဘာကျော်မယ့်အတွေးတွေကို
ပေလယျကန် ပိတ်ကန်လိုက်စမ်းပါ
လူတိုင်းတွေးတတ်တဲ့ စိမ်ပြေနပြေတွေကို
ငါလည်း ထမင်းလုံးစီတတ်ပါတယ်
အလိပ်လိုက်တက်လာတဲ့ အာဃာတတွေနဲ့တော့
မေတ္တာလည်း စွမ်းမယ်မထင်ဘူး၊
မုန်းတယ်လို့ပြောတတ်ရုံတော့
အထက်စီးကပဲ အပြုံးခံရမှာပေါ့
စကားလုံးတွေနဲ့ ပစ်ပေါက်တမ်းကစားကြရင်တော့
ငါ့ကိုမခေါ်ပါနဲ့ကွာ ငါပျင်းလွန်းလို့ပါ
မင်းတို့ရဲ့ ဆိုင်းဘုတ်ကြီးတွေကိုဖတ်ဖို့လဲ
ငါ့အတွက် အချိန်မရှိပြန်ဘူး၊
အချိန်မတင်ခင်တော့ ကျောခင်းချင်ခင်းမယ်
မိုးစွန်တမွတ် ကြယ်ကိုဆွတ်ဆိုတာ
ပထမတန်းမှာ ငါလည်းဖတ်ဖူးပါတယ်
သေချာတာတော့ ပိုးဖလံမျိုးတွေကို
အမေမခေါ် ခေါင်းဆောင်မတော်နိုင်သေးဘူး၊
'ဗေထိ'ဆိုတာနဲ့ လိုက်ကရအောင်
ငါက ဇာတ်ရူးမှမဟုတ်တာလေကွယ်
မင်းတို့ မင်းသား၊မင်းသမီးလုပ်တဲ့ပြဇာတ်ပြီးရင်တော့
ငါ့ကိုနှိုးပါ ... ... ...
ငါ တစ်ရေးအိပ်ဦးမယ် ... ... ... ။ ။

ချစ်သူသို့ အိတ်ဖွင့်ပေးစာ

ကိုဝေရေ ကျွန်တော် အိတ်ဖွင့်ပြီနော် ... ... ...

ချစ်သူ ... ... ...

မင်းဟာ အချစ်ဆုံးလား ... အချစ်ဟောင်းလားတော့ သေချာမသိဘူး။ သေချာတာကတော့ ငါ မင်းကိုချစ်တယ်။ အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ခိုင်းရင်လည်း ငါမပြောတတ်ပြန်ဘူး။အချစ်ဆိုတာက မင်းလေ ... မင်းကိုဘာလို့ချစ်လဲဆိုရင်တော့ ငါ့အတွက် ပြောပြစရာတွေ အများကြီးပေါ့ကွာ ... မင်းရဲ့ ဆံပင်ရှည်ရှည်တွေ၊ မင်းရဲ့ သန့်စင်တဲ့အပြုံးတွေ၊ မင်းရဲ့ နားလည်တတ်မှုတွေ၊ မင်းရဲ့ ... ... ... ၊ မင်းရဲ့ ... ... ...၊ မင်းရဲ့ ခြေသည်းလေးတွေက အစပေါ့ကွာ ...။ ငါပြောပြရင်တော့ ခန္ဓာဗေဒပညာရှင်တွေ ရူးသွားလောက်မယ်ထင်တယ်။ ဒါတောင်မင်းရဲ့ ကြင်နာတတ်တဲ့စိတ်နဲ့ ချစ်စရာအပြုအမှုတွေ မပါသေးဘူးနော်။ ငါ မင်းကို ချစ်ပါတယ် ချစ်သူရယ်။ ဒါပေမယ့် ... ... ...

ဘ၀ဆိုတာကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ လေလှိုင်းတွေကြားမှာ မင်းရုန်းမထွက်နိုင်သေးဘူးနော်။ နှစ်ယောက်တစ်အိမ်မက်ဆိုတဲ့ဘ၀ကို လက်တွေ့ မက်ချင်တဲ့မင်းအတွက် အချိန်တွေကို မှတ်ကျောက်တင်ပြရမှာလား ချစ်သူရယ်။ တို့နှစ်ယောက်သွေးတွေနဲ့ စီးဆင်းမဲ့အနာဂါတ်မှာ ရုပ်ဝတ္ထုတွေကိုထည့်မတွက်သင့်ဘူးလေ။ အရာရာတိုင်းကို သချာင်္ပညာနဲ့ ကြည့်မယ်ဆိုရင်တော့ ငါလိုကဗျာရူးတစ်ယောက်အတွက် မင်းအတွက်အဆင်သင့်ရှိနိုင်တာ ငါ့ရဲ့ရူးသွပ်မှုတွေပါ ...။ မျိုးဆက်တွေအတွက် မင်းလိုကြိုတင်မတွေးတတ်တာတော့ ငါဝန်ခံပါတယ်။ ဒါပေမယ့် ချစ်သူရယ် ငါတို့လက်တွေခိုင်ခိုင်မြဲနေဖို့ လိုတယ်လို့ပဲ ငါထင်ခဲ့တာလေ ...။ ဟင့်အင်း ... တကယ်ဆို ငါတို့ဝေးသွားကြဖို့ မလိုအပ်ဘူးနော် ... အခုတော့ အခုတော့

အလွမ်းတွေကို စာဖွဲ့ဖို့လောက်လဲ ငါမှာခံနိုင်ရည်မရှိပြန်ဘူး ...။ မင်းအကြောင်းတွေးမိတိုင်း တဆတ်ဆတ်နဲ့ နာကျင်လာတဲ့ ငါ့နှလုံးသားရယ်၊ ခံစားမှုတစ်ခုအတွက် ကျလာတဲ့ ငါ့မျက်ရည်တွေကတော့ ငါ့အချစ်ရဲ့ သက်သေပေါ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ချစ်သူရယ် ဒီနေ့က မင်းရဲ့မွေးနေ့နော် ... ငါ့အပေါ်နားလည်ပေးခဲ့တဲ့ ချစ်သူတစ်ယောက်ကို မွေးဖွားပေးတဲ့ လောကကြီးကို ကျေးဇူးတင်ပါတယ်လေ ...။ ချစ်သူရေ မင်းအတွက် ငါလက်ဆောင်ပေးနေကြ မင်းမလိုချင်တော့တဲ့ ကဗျာတစ်ပုဒ်ပေါ့ ... မင်းမရှိတဲ့နောက်တော့ ငါ့ကဗျာတွေကလည်း မလှပတော့ဘူး ချစ်သူရေ ... ငါကတော့ ကဗျာတွေ နုပျိုလာမယ့်အချိန်တွေ မျှော်နေမိတုန်းပဲ ... ... ...


ကော်ဖီတစ်ခွက်ရဲ့ တမ်းချင်း

ကော်ဖီတစ်ခွက်ရဲ့ ဖြစ်တည်မှုမှာ
ဘာတွေကို ထပ်ပြီးမော့သောက်ရဦးမှာလဲကွယ်
မင်းစိတ်တိုင်းကျ ခါးလို့ချိုလို့ရတဲ့ ဒီဘ၀ကို
ဘာလို့များရက်ရက်စက်စက် မွှေနှောက်နေသေးတာလဲ
အပေါစား လက်ဖက်ရည်ဆိုင်ရဲ့ ကော်ဖီတစ်ခွက်ဟာ
မင်းအတွက်တော့ ရောင်းတန်းဝင်မဟုတ်နိုင်ဘူးလေ
ဒါပေမယ့် ... .... ....
ငါဟာ မင်းအတွက် ကော်ဖီတစ်ခွက်ပါ
မင်းသောက်ချင်လည်း သောက်
မှောက်ချင်လည်း မှောက်ပေါ့ကွယ်
မင်းနှုတ်ခမ်းဖျားနဲ့ ထိတွေ့ မယ့်အချိန်ကိုသာ
ရူးရူးမူးမူးနဲ့ မျှော်နေမိတာပါ ချစ်သူရယ် ... .... ...။ ။

ဘယ်လောက်ပဲဝေးဝေး ငါတို့ရဲ့စိတ်ခြင်း အမြဲတမ်းနီးနေတယ်ဆိုတဲ့ ချစ်သူရေ ... မင်းမွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ... ... ... ။ မင်းအတွက် ငါ ဆုတောင်းပေးနေမယ် ... တိတ်တိတ်လေးပဲ ချစ်သူရယ် ... ... ... ။ ။

အပြာရောင် မြှားတစ်စင်း

နှင်းမြူတွေ ဝေ့သီဝေ့သီ ... ရာသီဥတုက အေးစက်စက် မိုးစက်လိုလို နှင်းပေါက်တွေက တဖျောက်ဖျောက် ။ ၀ိုးတ၀ါးအလင်းရောင်က လင်းတလှည့် မှိန်တလှည့် ... နှလုံးသားရဲ့ ဟိုမှာဘက်ကမ်းမှာတော့ ပိန်းပိတ်အောင်မှောင်လို့ ..... ကြယ်စင်တွေရဲ့ ကကြိုးတွေကတော့ မပီမပြင်နဲ့ ဘ၀ကို ရေးရေးလေး လှမ်းမြင်နေရတယ် ... ။ ကျောက်ဆောင်တွေနဲ့ ဒီရေတို့ရဲ့ အနမ်းကို ပင့်သက်ရှိုက်ပြီး ကြည့်လိုက်မိရင် လရိပ်ပဲ ပျောက်ကွယ်သွားမလား ...။ တိမ်ညိုတွေ မဖုံးပေမယ့် ကောင်းကင်ကြီးက မသာယာဘူး ရယ်သံတွေက အက်ကွဲကွဲ ... ။ ၀ါရော်ရော် သစ်ရွက်တွေဆီက လှုပ်လီလှုပ်လဲ့နဲ့ ရေစက်တွေ ကမ္ဘာမြေရဲ့ ဆွဲအားကို အံတုနေကြပြီ ... ။ မြက်ပင်တွေကတော့ လေယူရာ တိမ်းလို့ ညရဲ့လေပြေမှာ ယိမ်းသွဲ့သွဲ့ ... .... ... ...

ဟိုးအဝေးက မြစ်ကမ်းဘေးတနေရာမှာတော့ လူတစ်ယောက် ... ... ... အရပ်ရှည်ရှည်၊ ဖောသွပ်သွပ် ကိုယ်ခန္ဓာ၊ မျက်လုံးများက ရီဝေေ၀ တနေရာကို ငေးစိုက်ကြည့်နေရင် တခြားဘာကိုမှ မမြင်တော့သလိုမျိုး ... ... နှုတ်ခမ်းတွေက အမြဲတမ်းစေ့ထား၍ ထီမထင်သော အပြုံးက ပီပီသသကြီး တွဲခိုလို့  ... နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတို့က စိမ်းဖန့်ဖန့် မြင်တွေ့ နေကြ ယောက်ကျားင်္ဆန်သော ယောင်္ကျားတစ်ယောက်ထက် ဘာတစ်ခုမှ မပို .. ... ... ။

နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးလာတာ ကြာလာတော့ စီးကရက်မီးခိုးတွေက ခန္ဓာကိုယ်ကို အထပ်ထပ်ရစ်ပတ်လို့ ... ... ကျန်ခဲ့တဲ့ ဟိုးအတိတ်က အရိပ်တွေကို ကောက်သင်းကောက်ကြည့်မယ် ... ရွတတ ကျွတ်ဆတ်ဆတ်ဘ၀ကို သေမင်းနဲ့ လောင်းကြေးထပ်သလိုမျိုး စနစ်တကျပြုလုပ်ထားတဲ့ အန္တာရယ်တွေကို အထပ်ထပ်ချိုးဖောက်လို့ ... ... ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့သူတွေကို မျက်စိထဲမတွေ့တိုင်း ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း စိတ်မြန်လက်မြန်နဲ့ တုံ့ပြန်ခဲ့... ... ဒီလိုနဲ့ ဘ၀ရဲ့ဒဏ်ရာတွေကို ပခုံးထက်မှာ ထမ်းပိုးလို့ ကံကြမ္မာလမ်းကို လေးတိလေးကန်နဲ့  လျှောက်လှမ်းတုန်း ... ... ...

ကောင်းကင်ကြီးကတော့ မိုးသားတွေ မကင်းစင်သေးဘူး ... ... တွေ့ ရာကြုံစားတယ်ဆိုပေမယ့်လဲ ဇာတ်တူသားကိုတော့ ရှောင်တယ် ... ... ခြေဦးတည့်ရာ လျှောက်ပေမယ့် သည်လမ်းနဲ့  သည်ခြေထောက်က အခုထက်ထိ သဟဇာတမဖြစ်သေးဘူး ... ... ခါးသက်သက်အရည်တွေက မကောင်းပေမယ့် စွဲစွဲလမ်းလမ်း သောက်ဖြစ်တုန်းပဲ ... ... စိတ်ရှိတိုင်း လုပ်ဖြစ်တာကိုပဲ ကိုယ့်ကိုကိုယ့် ကြံဖန်ကျေးဇူးတင်တယ် ... ... အဲဒီလိုနဲ့  လူတွေကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြတတ်လာတယ် ... ... စိတ်ဝိညာဉ်ရဲ့ အလှည့်အပြောင်းကို သေချာမသုံးသပ်မိခင်မှာ နယူတန်ရဲ့ တတိယနိယာမကို လက်ခံလိုက်တယ် ... အိပ်ပျော်အောင် ကြိုးစားရင် အိမ်မက်တွေကို ကြည်ကြည်ဖြူဖြူ မက်တတ်လာတယ် ... ... သိုးမည်းတွေရဲ့ ဥယျာဉ်မှာ အလွမ်းတွေရော အပြုံးတွေပါ ဝေေ၀ဆာဆာဖူးပွင့်ခဲ့ပြီ ... ... ... နွေဦးရဲ့တေးသံကို ဌက်ကျေးတွေနဲ့ အတူတူ လိုက်ဆိုတတ်လာပြီ ... ... ... နှလုံးသားကို တည့်တည့်လာတဲ့ ကျည်ဆံတွေကို ခေါင်းအုံးအိပ်တတ်ခဲ့ပြီ ... ... တစုံတရာအတွက်တော့ လေထဲမှာ ပြာတွေကို မျှားနေမိတုန်းပဲ ... ... ... မိုက်မဲရူးသွပ်မှုတွေကို ရိုက်ချိုးဖို့အတွက် မာယာတွေကို မက်မက်စက်စက် သောက်သုံးမယ် ... ... ... ဒါပေမယ့် ဒီရင်ဘတ်ထဲကိုတော့ အပြာရောင်မျှားတွေ တစ်စင်းပြီး တစ်စင်း အထပ်ထပ်စိုက်ဝင်လို့ သေအံ့မူးမူး ... ... ... ။

ကိုဇီးရိုးရေ ... ငါ ဘာကောင်လဲဆိုတာတော့ ရေးလိုက်ပြီဗျ ... ကိုယ့်အကြောင်းကိုယ် ရေးရင်တော့ ဘာတစ်ခုမှကောင်းတာမရှိဘူး ... ကိုယ်တိုင်က လူဆိုးဆိုတော့ အရင်ကလဲဆိုးတယ် အခုလဲဆိုးနေတုန်းပဲ နောက်လဲ မသေချာဘူး ... လူမိုက်တွေ ခေတ်ကောင်းနေတဲ့အချိန်မှာ မိုးခါးရေတော့ မသောက်ချင်သေးဘူးဗျာ ... ... ဘာမှမစဉ်းစားပဲ ထင်ရာမြင်ရာ လေဖမ်း ဒန်းစီးနေတဲ့ လူမိုက်တွေထက်တော့ လူဆိုးက ပိုကောင်းမယ်ထင်တယ် ... အဲဒါနဲ့ပဲ အဲလိုရေးလိုက်ပါတယ် ဟင် ဘာမှလဲဆိုင်ဘူး ... ဟတ် ဟတ် ဟတ် ... ... ... အဆင်ပြေမယ်ထင်ပါတယ် ... .... .... ။

ဒီတစ်ခါတော့ တစ်ယောက်လောက်ကို ဒုက္ခပေးလိုက်ဦးမယ် ... မောင်မျိုးရေ မင်းအကြောင်းလေး လုပ်ပါဦး ... အဆင်ပြေမယ် မဟုတ်လား ... .... ... ။ ။

ယုံတမ်း ယုံတမ်း ယုံတမ်း ....

မီးလေးက ယုံတမ်းစကားတဲ့ ... သူများတွေကလည်း အသီးသီးပြောသွားကြတာ ကိုယ့်အလှည့်ကျတော့ ဘာပြောရမှန်းကို မသိတော့ဘူး။ ကြားဖူးတာလေးပဲ ရေးလိုက်တော့မယ်ဗျာ။

နင့်ကို ချစ်တယ်...။

နင့်ကို အရမ်းချစ်တယ် ...။

ငါတို့တွေရဲ့ ဘ၀ကို အကောင်းဆုံးတည်ဆောက်ကြမယ်နော်...။

ဘုရားမှာ အမြဲတမ်းဆုတောင်းနော် အမြန်ဆုံးနီးရပါစေလို့ ...။

ညညဆို နင့်ကိုလွမ်းလွန်းလို့ ငါ့မှာမျက်ရည်နဲ့ မနက်မိုးလင်းခဲ့တာဆိုပဲ ... ( စကားလုံးတွေနဲ့ သေလို့ရတယ် )

နင်သာ ငါ့ဘေးမှာရှိရင် ဘာမဆိုရင်ဆိုင်ရဲပါတယ် ...။

နင့်ကို ချစ်လွန်းလို့ ချစ်တယ်လို့တောင် ပြောမထွက်ဘူး သိလားတဲ့ ...။

နင်သာ ငါ့ကို မေ့သွားရင် ငါ့ဘ၀ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးရဲဘူးတဲ့ ...။

တို့နှစ်ယောက် ဘ၀ဆုံးတိုင် မခွဲကြေးနော် ...။

အဟတ် ဆက်မရေးချင်တော့ဘူး ရေးရင်တော့ မနက်မိုးလင်းတောင် ပြီးမယ်မထင်ဘူး ..။ ကြားခဲ့ဖူးတဲ့ သူမရဲ့ စကားလေးတွေပါ ...။ ယုံတမ်းတွေပေါ့လေ ...။

မဲ့ပြုံး

မဲ့ပြုံး

လုပ်လိုက်ပေါ့ ကံကြမ္မာရေ
ငါက နတ်ဘုရားတွေကို
ဘယ်တော့မှ မော်ဖူးခဲ့တဲ့ကောင်မှ
မဟုတ်တာလေ ...

ပြုံးပါ ပျော်ပါ လိုအပ်ရင်
ငါတို့ရဲ့ အသွေးအသားတွေကို
ယစ်ပူဇော်ပါ
ခါးစောင်းတင်တဲ့အလုပ်လောက်က
ငါလည်း လုပ်တတ်ပါတယ်လေ

ကဲ ကဲ .....
ပြောနေတာကြာပါတယ်လေ
လောကကြီးရေ ...
ရော့ မင်းတစ်ခွက် ငါတစ်ခွက် ...။

ကျွန်တော် လတ်တလောဘယ်လိုမှ အားချင်ယောင်ဆောင်လို့ကို မရဘူးဗျာ.။ ဘာလို့လဲဆိုတော့ကာ အခုအချိန် အရမ်းသွေးအေးနေတယ်.။ ကျွန်တော် သွေးအေးနေရင် ကျွန်တော့်ကို ကျွန်တော်ကြောက်တယ်.။ မသိစိတ်ထဲက ဖြစ်ချင်နေတာတွေကို စိမ်ပြေနပြေထိုင်လုပ်မိတတ်လို့ပါ.။ လုပ်မိလိုက်ရင်တော့ ဘယ်လိုမှကောင်းတာတွေ ဖြစ်လာမှာ မဟုတ်တာ ကိုယ့်ကိုကိုယ်သိနေတော့ ဘာမှမလုပ်ပဲ လုပ်ချင်တာတွေ လုပ်နေမိတယ်.။ အဲ ရှုပ်ကုန်ပြီလား မသိစိတ်ရဲ့ လုပ်ချင်တာတွေ မလုပ်မိအောင် သိစိတ်ရဲ့လုပ်ချင်နေတာတွေကို လုပ်နေမိတာကို ပြောတာပါ။ ဟတ် ဟတ် ပိုဆိုးသွားပြီထင်တယ် ထားလိုက်တော့ဗျာ. နော့။ Tag ကြွေးတွေလည်း အများကြီးကျန်သေးတယ်။ ကျွန်တော့်ကို သတိတရရှိကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်ရေးပါမယ် စိတ်ထဲမှာဘာခံစားမှုကိုမှ သွင်းလို့မရလို့ ဘာကိုမှမလုပ်ဖြစ်သေးတာပါ။ အရေးထဲမှာ အရာပေါ်ဆိုသလို ဌာနက အင်စပတ်တာကလည်း ခပ်စပ်စပ်လေးရိုက်ချလိုက်တာအကုန်လုံး ကျောကိုကော့ခံနေတယ်လေ ဟတ် ဟတ် ဟတ်။ သူငယ်ချင်းတွေ ညီအကိုတွေ မောင်နှမတွေအားလုံးကို သတိရတယ်ဗျို့ .။ အားလုံးပဲ အဆင်ပြေကြပါစေ။ သြော် မေ့လို့ ပို့စ်ခေါင်းစဉ်က မဲ့ပြုံးဆိုတာ ကျွန်တော်ဘာသာ ပြုံးနေတာနော် တော်ကြာ အကုန်လုံးကို ပြုံးပြတယ်ထင်မှာဆိုးလို့ အားလုံးကို ပြုံးပြချင်တာကတော့ မခို့တရို့လေးပါ ဟတ် ဟတ် ဟတ်။

အဆိပ်သင့်ကျောက်တုံးများ



မိုးပြိုမှ ဒူးနဲ့တိုက်ရဲတာလားကွာ
နီတိတွေ လာမရွတ်နဲ့
ဝေလေလေ ယောင်ဝါးဝါးတွေကို
ဖုတ်ဖတ်ခါထားတာ
ဆယ်စုနှစ်တစ်ခုကျော်ပြီ

ကလေးအတွေးတွေကို
အရသာခံပြီး ပြောပါ
ချစ်တတ်တဲ့သူတွေကို
အဆိပ်မခတ်မိစေနဲ့

ဓါးဆိုတာ ခုတ်တတ်ရတယ်
သွေးနေရုံကတော့ ပြတိုက်မှာပဲထား
ဘ၀နဲ့ရင်းရမဲ့ ဒီလမ်းမှာ
ဂါထာတွေ မန်းမှုတ်နေရင်တော့
ရေငတ်ပြီး အမောဆို့ရုံရှိမယ်

လုပ်နိုင်ရင် ရှေ့ကသွား
နောက်ကျောဓါးနဲ့ ထိုးမယ့်သူတွေကို
ရင်ဘတ်နဲ့ ၀င်ခံမယ့်သူတွေ
ရိုက်သတ်လို့ မကုန်ဘူး။

နေမ၀င်အင်ပါယာကြီးတောင်
ဒုံရင်း ဒုံရင်းဖြစ်သေးတာ
ကြုံးဝါးသံတွေကို လွှတ်ချပြီး
ရှေ့တစ်လှမ်း တိုးကြစမ်းပါ
နောက်မတွန့်ကြေးပေါ့

ကြောက်တတ်ရင်တော့ ဟိုတစ်ယောက်လို
ပြာတွေကိုပဲ မျှားနေလိုက်ဦး
ကိုးကွယ်မှု မှားနေသူတွေကို
မျက်စဉ်းခတ်ဖို့အတွက်တော့
ယုံကြည်ချက်တွေကို ရွက်လွှင့်ရဦးမယ်။ ။

ကမ္ဘာကြီးရဲ့ မေမေ

မာသာထရီဇာ


အမေ့ကြောင့် ကမ္ဘာကြီးငြိမ်းချမ်းခဲ့

အမေ့ကြောင့် ကမ္ဘာကြီးလှပခဲ့
အမေ့မျက်နှာ မြင်လိုက်ရင်ကို
ငြိမ်းအေးလွန်းပါတယ်လေ
အမေဟာ မေတ္တာ
အမေဟာ အေးချမ်းမှု
အမေဆိုတာ မြင့်မြတ်လွန်းပါတယ်
အမေ့အတွက် ဖွဲ့ ဆိုစရာ
စကားလုံး ဆင်းရဲလွန်းပါတယ်
အမေကြောင့် အမေတွေ
လူသားတွေရင်ထဲ ရောက်ခဲ့တာလေ
ကိုယ်ကျိုးစွန့်ပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့်
တချို့ သူတွေကို အမေမခေါ်နိုင်ဘူး အမေ
အမေဟာ ငြိမ်းချမ်းခြင်းရဲ့အမေ
အမေဟာ အားလုံးရဲ့အမေ
အမေဟာ ကမ္ဘာကြီးရဲ့မေမေ။ ။

လွမ်းသောအရာ

လွမ်းသောအရာများဆိုလို့ ဘာကိုလွမ်းပါလိမ့်ဆိုလို့ ကျွန်တော့်ကို ကျွန်တော်ပြန်မေးကြည့်လိုက်တာ ဒီအလိုက်မသိတဲ့ကောင်က ပြန်ဖြေတယ်ဗျ။ ကျွန်တော့် ပါရမီဖြည့်ဘက်လေးကို လွမ်းပါတယ်တဲ့။ တယ်လေ နားရင်းပိတ်အုပ်လိုက်ရ အမှတ်ကိုမရှိဘူး :D နောက်တာပါ။ လွမ်းတာကတော့ အကုန်လုံးကိုလွမ်းတယ်ဗျာ။ သူများတွေက အစားအစာတွေပဲ လွမ်းတာဆိုတော့ကျွန်တော်လည်း အစားအစာလေးကိုပဲ လွမ်းလိုက်ဦးမယ်။ မ၀င်္ကပါနဲ့ မမွန်ရေ ကျွန်တော်လွမ်းပြီနော်။

ကျွန်တော်တို့ယောင်္ကျားလေးတွေ တော်တော်များများကတော့ အစားအစာအကြိုက်ကြီးရယ်လို့တော့ မရှိဘူးထင်တာပဲ.။ အတော်များများကတော့ ကြုံသလို ဖြစ်သလိုစားတာ များမယ်ထင်တယ်။ကျွန်တော်လည်း အဲလိုပဲဗျ။ ဘာကိုမှတော့ ခုံခုံမင်မင်စားတာမရှိဘူး။ ဗိုက်ဝအေးရောဆိုပြီး စားတာများတယ်။ ဒါပေမယ့် အခုအချိန်မှာ ဘာကိုစားချင်သလဲဆိုရင်တော့ အမေချက်ကျွေးတဲ့ ထမင်းနဲ့ ဟင်းဗျာ။ တကယ်ကြီးဗျာ တအားလွမ်းတယ် အရမ်းလည်းစားချင်တယ်.။ အပြင်ကပြန်လာလို့ အိမ်ကိုရောက်တာနဲ့ အမေကဆီးပြီး သားရေ ရေချိုး ပြီးရင် ထမင်းစားရအောင် ဆိုတဲ့စကားလေး အကုန်လုံးကြားဖူးမှာပါ.။ အမေ့ရဲ့ အဲလိုအသံလေးကြားလိုက်တာနဲ့ အပြင်ကဘာတွေပဲ စားလာ စားလာ ဗိုက်ကအလိုလိုဆာလာတာဗျ.။ ထမင်းဝိုင်းရောက်သွားလို့ကတော့ ဘာပဲချက်ချက် ခေါင်းမဖော်တမ်းစားတော့တာပဲ.။ ထမင်းစားရင်း အမေပြောတဲ့ စကားတွေကိုနားထောင်ရတာလည်း ဘာနဲ့မှမလဲနိုင်တဲ့ အရသာနော်.။ ကျွန်တော်က မိသားစုထမင်းစားတဲ့အချိန်ဆို မရှိတာများတော့ အမေက သူစားပြီးလဲ ကျွန်တော့်ဘေးမှာထိုင်ပြီး စကားတွေပြောတာလေ.။ တခါတလေ ကျွန်တော်အိမ်မှာရှိလို့ မိသားစုထမင်းလက်ဆုံ စားရင် အရမ်းကြည်နူးဖို့ကောင်းတာနော်.။ ဟင်းခွက်ကို အတူတူလက်လှမ်းမိတဲ့အခါ မိသားစုတွေ အချင်းချင်းပြုံးပြီး တစ်ယောက်ပန်းကန်ထဲ တစ်ယောက်ထည့်ပေးရတာလဲ မိသားစုထမင်းဝိုင်းတွေမှ တွေ့ ရတဲ့ ကြည်နူးစရာတွေပေါ့.။ အိမ်နဲ့ဝေးနေတဲ့ သူတွေအတွက်တော့ ဘာအကြောင်းတွေးတွေး လွမ်းစရာတွေပေါ့ဗျာ။ တခါတလေမှ အိမ်ပြန်ရတဲ့ ကျွန်တော်တို့တွေအတွက်ကတော့ အမေချက်တဲ့ မိသားစုထမင်းဝိုင်းကို အလွမ်းဆုံးပဲဗျာ။ ဒီရပ်ဝန်းလေးမှာနေထိုင်တဲ့သူတွေ တော်တော်များများလည်း အမေတွေချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို လွမ်းနေကြမယ်ထင်တယ်။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်က ဘယ်လောက်ပဲကောင်းပါတယ်ဆိုတဲ့ အစားအသောက်တွေကို စားနေရပေမယ့် အမေရဲ့ မေတ္တာနဲ့ချက်တဲ့ ထမင်းနဲ့ဟင်းလောက်တော့ ကောင်းမယ်မထင်ဘူး။

ကျွန်တော့်လိုပဲ အိမ်နဲ့ဝေးနေတဲ့သူတွေ အမေအိမ်ရဲ့ နွေးထွေးမှုတွေ၊ အမေချက်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို လွမ်းတဲ့သူတွေ အားလုံး အရာရာအဆင်ပြေပြေနဲ့ ပြီးဆုံးသွားတဲ့တနေ့ကြရင် အမေချက်ကျွေးမယ့် မိသားစုထမင်းဝိုင်းလေးကို အမြန်ဆုံးရကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

ကဗျာမဟုတ်တဲ့ ငါ

ရင်ဘတ်ထဲက ချုပ်ရိုးတွေအကြောင်း
ရိုးရိုးလေးချရေးလိုက် ကဗျာတစ်ပုဒ်တဲ့
အဲဒီချုပ်ရိုးတွေပဲ ဖြည်ချရလွန်းလို့
ကဗျာတွေတောင် သွေးစက်လက်နဲ့
ဒီလိုဒဏ်ရာတွေနဲ့ ငါကိုယ်တိုင်လ
အလဲလဲ အကွဲကွဲ
ကဗျာဆိုတာ အလိုလိုထွက်လာတဲ့
နှလုံးသားရဲ့ သွေးစက်တွေ
ရင်ဘတ်ကြီးလဲ ပေါက်ကွဲထွက်
နှလုံးသားလဲ စုတ်ပြတ်သတ်
ငါက ကဗျာတွေရေးတယ
ကဗျာက ငါ့ကိုရေးတယ်
ကဗျာနဲ့ငါနဲ့၊ ငါနဲ့ကဗျာနဲ့
ငါနဲ့ ငါကိုယ်တိုင်ပဲ
လုံးထွေးသတ်ပုတ်
ရေမျောကမ်းတင် ငါက
ကဗျာတွေကို ဆုပ်ကိုင်မိတာလား
ကဗျာတွေကပဲ ဖမ်းဆွဲတာလား
မသေချာဘူး
ရေရေရာရာမရှိတဲ့ ငါ
ကဗျာမြစ်ထဲ ကူးခတ်
ကဗျာတွေက ကောင်းကင်ပေါ်ပျံတက
သည်လိုနဲ့ပဲ အိမ်မက်တွေအခါခါမက်
နောက်ဆုံး ...
ငါကိုယ်တိုင်လဲ သွေးစက်လက် ...။ ။

ကျွန်တော်ကြောက်တဲ့ သတ္တ၀ါ

ကျွန်တော်ကြောက်တဲ့သတ္တ၀ါဆိုပါလား။ အာ .. ဒုက္ခပါပဲ ဘာရေးရပ..။ ကျွန်တော်က အကောင်ပလောင်တွေဆို ဘာမှကြောက်တာမဟုတ်တော့ ဘယ်လိုအကောင်ကို ကြောက်တာပြောရပါ့။

အဲ... သတ္တ၀ါထဲမှာ ကြောက်တာဆိုရင်တော့ လူပဲဗျ ..။ လူတွေကိုတော့ တော်တော်ကြောက်တယ်. ခံရပေါင်းလဲများနေတာဆိုတော့ လူကိုကြောက်တယ်ဗျာ။ လူထဲမှာမှ လူမလေးတွေကို ပိုကြောက်တယ်။ ဘာလို့လဲဆိုတော့ အဆိပ်ပြင်းလို့ ..... ဘယ်လိုအဆိပ်ပျင်းလဲဆိုတော့ သူ့ အဆိပ်က တုန်းခနဲ လဲသွားသလိုမျိုးမဟုတ်ဘူး။ တမြေ့မြေ့နဲ့ ခံစားရခက်တာ.။ ဘာနဲ့ကုကု မပျောက်တာတော့ ကိုယ့်တွေ့ ပဲ။ အဲဒီလူမလေးတွေက ကိုက်ရင်လည်း အသည်းနှလုံးကို ရွေးကိုက်တာဆိုတော့ ကုတ်ရခက် လုပ်ရခက်နဲ့။ တအားနာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။တဆစ်ဆစ်နဲ့ အတော်လေးခံရခက်တဲ့ ဝေဒနာပေါ့ဗျာ။

ဘီလူးသရဲတွေနဲ့ ရင်ဆိုင်ရမှာလား လာစမ်းပါလေ မှင်စာသဘက်တွေပါ ခေါ်ခဲ့

ကမ္ဘာဦးအစက ဒိုင်နိုဆောတို့ ကင်းကောင်တို့နဲ့ ပြိုင်သတ်ရမလား အကုန်လုံး ခါးကချိုးပြီးကိုင်ပေါက်ပြစ်မယ်

တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြသေ့င်္မင်းနဲ့လား သတ်ဦးမယ်ဗျာ

ဂျိန်းဘွန်းစ်တို့ ဂျက်လီတို့နဲ့ ပညာပြိုင်မှာလား အချိန်မရွေးပဲ

ကောင်းဘွိုင်တွေနဲ့ သေနတ်ချင်းပဲ ပစ်ဦးမလား

ဟင် အဲဒီလူမလေးနဲ့လား တော်ပြီဗျာ .. နေတော့ ကြောက်တယ်

ပြေးပြီ … :D



နှင်းဆီနီနီရေ ... ကျွန်တော်ကြောက်တာ သိပြီနော် ..။ အစ်မပြောလို့ ရေးတာရေးရတယ် ခပ်လန့်လန့်ပဲဗျ..။

ကျွန်တော့်အိတ်ထဲမှာ ...

အိုကီစုက လာပြောတယ် အိတ်ထဲရှိတာ အကုန်ဓါးပြလာတိုက်လိမ့်မယ်တဲ့။ ဒီဓါးပြတွေကို သူပဲလွှတ်လိုက်တာနေမယ်။ အစ်မဒီမိုကလဲ အိတ်ထဲရှိတာအကုန်ထုတ်ပါတဲ့ ဆီဗုံးမှာ လာအော်သွားတယ်။ ကျွန်တော့်လို ငမွဲကိုမှလာတိုက်တဲ့ဓါးပြတွေတော့ ထိုင်ငိုကုန်ပြီ အစ်မဒီမိုရေ...။ ကဲ ထုတ်ဆိုလဲ ထုတ်ရတာပေါ့ဗျာ..။ ကျွန်တော်အိတ်ထဲမှာရှိတာတွေကတော့ ....
  • စာအုပ်တစ်အုပ်၊
  • ခဲတံတစ်ချောင်း ၊
  • ဆေးလိပ်ဗူးတစ်ဗူးနဲ့
  • မီးခြစ်တစ်လုံး အဲဒါအကုန်ပဲဗျာ.။
စာအုပ်။ ။ ကျောင်းတတ်နေတာဆိုတော့စာအုပ်ကတော့ လိုတာပေါ့ဗျာ.။ မှတ်စရာရှိတာကို အဲဒီစာအုပ်ထဲကိုပဲစုပြီးမှတ်တယ်။ ပြီးမှသက်ဆိုင်ရာစာအုပ်ထဲအရေးကြီးတဲ့ အချက်အလက်တွေကို ပြန်ကူးထည့်တယ်။ စာအုပ်တွေဟိုထုတ်ဒီထုတ်နဲ့ အလုပ်ရှုပ်လို့ တစ်အုပ်ထဲပဲယူတာ.။ အဲဒါနဲ့ ပတ်သတ်ပြီး ဆရာတွေနဲ့ ခဏ ခဏ ကွိုင်တတ်တယ်.။တတ် ပဒတ်ပဲဗျာ တတ်နိုင်ဘူး။ တခါတလေလိုအပ်မှ တခြားစာအုပ်တွေယူတယ်။ အမြဲတမ်းတော့ စာအုပ်တစ်အုပ်ပဲထည့်တာများတယ်.။


ခဲတံတစ်ချောင်း။ ။ စာရေးရင် ခဲတံနဲ့ရေးတာ ငြိမ်းချမ်းသလိုပဲလို့ စိတ်ထဲမှာထင်လို့ ခဲတံနဲ့ပဲရေးတယ်။ ကဗျာရေးရင်လဲ ခဲတံနဲ့ဆိုတော့ ဖျက်ရတာလွယ်တယ်လေ။ ဘာပဲဖြစ်ဖြစ် ခဲတံနဲ့ရေးရတာ စိတ်ချမ်းသာတယ်ဗျ။

ဆေးလိပ်ဗူးတစ်ဗူးနဲ့ မီးခြစ်တစ်လုံး။ ။ ဒါတွေကတော့ ဘယ်နေရာသွားသွား အမြဲတမ်းယူသွားတယ်။ ပိုက်ပိုက်တာမပါရင်နေမယ် ဆေးလိပ်နဲ မီးခြစ်ကတော့မပါမဖြစ်။ ရင်ဂိုရဲ့ သီချင်းလိုအစီခံနဲ့ စီးကရက်တော့ အသဲစွဲ သိပ်နှစ်သက်တယ် အမြဲသောက်ခဲ့ဆိုသလိုပေါ့။ တကယ်လည်း အဆုတ်ကင်ဆာထက် အချစ်ကင်ဆာကို ပိုကြောက်တယ်။ ကြုံလို့ပြောလိုက်ဦးမယ်ဗျ အဲဒီအချစ်ကင်ဆာဆိုတာကြီးက ကုရာနတ္တိ ဆေးမရှိနော်.။း)


အိတ်ထဲရှိတာကတော့ အဲဒါတွေအကုန်ပဲဗျာ.။ အိတ်တောင်လွယ်ချင်တာ မဟုတ်ဘူး။ အိမ်မှာနေတုန်းကဆို အပြင်သွားရင် ပိုက်ပိုက်ခါးကြားထိုးပြီးသွားတယ်။ ဘာကတ်မှမပါဘူး ဖမ်းရင် ပျော်ပျော်ကြီး အဖမ်းခံလိုက်တာ။ ပြီးမှ အိမ်ကိုလှမ်းဖုန်းဆက်တာပေါ့ ဟတ် ဟတ် ဟတ်။ ကျန်တဲ့ ပစ္စည်းတွေကတော့ ဘောင်းဘီအိတ်ထဲနဲ့ အကျီအိတ်ထဲမှာ။ အိတ်ထဲမှာတော့ အဲဒါတွေပဲပါတယ်ဗျဒီမှာက ကိုကိုခါးများက အတော်လေး သောင်းကျန်းတာဆိုတော့ အိတ်ထဲဘာမှမထည့်ဘူး။ အဆင်ပြေရင် အိတ်တောင်ခွဲပေးသေးတာ။ အိတ်နံမှာဆိုးလို့ထင်တယ် လေ၀င်လေထွက်ကောင်းအောင်လေ။ ကဲ .... ကျွန်တော့်အိတ်ထဲမှာတော့ အဲဒါ အကုန်ပါပဲဗျာ...။ ဓါးပြတွေလဲ စိတ်ညစ်ပြီး ကျွန်တော့်ဆေးလိပ်တွေပဲ ကုန်အောင်သောက်သွားတယ်။ တော်တော်တင်းသွားတယ်ဗျို့  ကျွန်တော့်သောက်စရာ ဆေးလိပ်မရှိတော့ဘူးးးးးးးးး အောက်ဆင်းဝယ်လိုက်ဦးမယ်နော်း) ။



ကလေးငယ် .... သို့

ကလေးငယ်ရေ ...
မင်း ကောင်းရာသုဂတိလားပါစေကွာ ...။

ကလေးငယ်ရေ ...
သည်လူတွေရဲ့ ပါးစပ်က
ထွက်ထွက်ကျလာတဲ့ စကားတွေကို
အစတည်းက မယုံကြည်ခဲ့ပါဘူး
ဒါပေမယ့် လောကကြီးက
ငါ့ကို တားမြစ်ပိုင်ခွင့်မပေးဘူးလေ ...။

ကလေးငယ်ရေ ...
အတွေ့ အထိကို မရှောင်ချင်တဲ့
ကာမရမ္မက်ကို ရှေ့တန်းတင်တဲ့
သူ့တို့ဆီမှာမှ သန္ဓေတည်ခဲ့တာ
မင်းကံက ဆိုးရွားလိုက်တာ ...။

ကလေးငယ်ရေ ...
ဘ၀တွေ တိုးတက်အောင်မြင်ဖို့အတွက်
အချိန်တွေ၊ငွေတွေ ရင်းနှီးခဲ့တာ
ပျော်ရွှင်မှု လွတ်လပ်မှု
ခံစားချက်ပေါင်းစုံကို စတေးခဲ့တာ
နောက်ဆုံးတော့ မင်းကိုပါစတေးခဲ့ကြပြီ ...။

ကလေးငယ်ရေ ...
ဖြစ်ပြီးရင် ပျက်တယ်တဲ့
ဝေပြီးရင် ကြွေတယ်တဲ့
မဝေခင်က ကြွေတဲ့
မဖြစ်ခင်က ပျက်တဲ့
မင်းဘ၀နဲ့ လူတွေရဲ့သဘောတရား
ငါ နားမလည်တော့ဘူး ...။

ကလေးငယ်ရေ ...
မေတ္တာသုတ်တွေ
လူ့အခွင့်အရေးတွေ
လူလူချင်း စာနာသနားမှုတွေ
သူတို့ပါးစပ်က ပြောထွက်ခဲ့တာ
ငါ နားကြားမှားခဲ့လေသလား ...။

ကလေးငယ်ရေ ...
အတိတ်က အရှင်လတ်လတ်ဒဏ်ရာတွေနဲ့
အနာဂါတ်ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုတော့
ရင်ဘတ်ထဲ မရောက်ခဲ့ရိုးအမှန်ပါ
ပစ္စပ္ပန်ရဲ့ အရှိတရားကတော့
ခါးသက်လွန်းပါတယ်လေ ...။

ကလေးငယ်ရေ ...
ငါရဲ့ အသုံးမကျမှုတွေအတွက်
ဆဲဆိုပါ ရိုက်နှက်ပါ
ထုထောင်းပါ အပြစ်ပေးပါ
မင်းရဲ့ ၀မ်းနည်းမျက်ရည်တွေနဲ့
ငါ့ကိုယ်ငါ အခါခါဆေးကြောပါ့မယ်
သေဆုံးခြင်းရဲ့နောက် ဟိုးးးးးးတစ်နေရာထိ ...။

ကလေးငယ်ရေ ...
မင်း ကောင်းရာသုဂတိလားပါစေကွာ ...။

လူမဆန်တဲ့ လူနှစ်ယောက်ကြောင့် လူဖြစ်ခွင့်မရလိုက်တဲ့ ကလေးငယ်လေးတစ်ယောက်အတွက် ... ကလေးငယ်ရေ သည်လိုအဖြစ်တွေ နောက်မဖြစ်ပါစေနဲ့လို့ ငါဆုတောင်းနေပါတယ် ...
မင်း ကောင်းရာသုဂတိလားပါစေ ...။ ။

အရသာ

ကျိုးကြေနေတဲ့ ညနေခင်းတွေမှာ
ယိုင်နဲ့နေတဲ့ လမ်းကလေးဆီ
ငေးမောကြည့်ရင်း
မညီညာသံစဉ်တွေကို လိုက်ဖမ်းရတာလည်း
အရသာတစ်ခုပေါ့ ....

လူမိုက်တွေ သောက်သုံးနေကြ
ငါကြိုက်တဲ့ ပျင်းရှရှတွေနဲ့
အားလုံးကိုလွှတ်ချ
အတွေးတွေကို မူးယစ်ရတာလည်း
အရသာတစ်ခုပေါ့ ...

ကဝေပျိုရဲ့ မာယာတွေနဲ့
နူးညံ့တဲ့ မျက်စောင်းတွေကို
သိမ်းဆည်းပြီး
မျက်ရည်တွေကို မြည်းစမ်းရတာလည်း
အရသာတစ်ခုပေါ့ ...

ဒါပေမယ့် ...
ဒါပေမယ့် ...
................
................
ခါးတယ် ... ။

ကျွန်တော်၏ ချစ်သောမီးမီး

အဟဲ ခေါင်းစဉ်ကိုကြည့်ပြီး စိတ်ဝင်စားသွားကြပြီလားဗျ ...။ မီးမီးဆိုတာက ကျွန်တော့်ရဲ့ တအားကုတ်သော တအားကိုက်သော ကြောင်မလေးပါ.။ သူ့ကိုတော့ မြေအောက်ရထားဘူတာတစ်ခုကနေ ၀ယ်လာတာပါ.။ ရောက်စတုန်းကတော့ ပိစိကွေး သေးသေးလေး ခုတော့ တော်တော်ကြီးနေပြီ.။ ငါးကြော်မကြိုက် ကြောင်မိုက်ဆိုရင်တော့ မီးမီးက ကြောင်မိုက်မလေးပဲ ဖြစ်လိမ့်ထင်တယ်.။ ဟင်းဆိုလို့ကတော့ ဘာမှမစားဘူး ကြောင်စာနဲ့ နွားနို့ကလွဲရင် အနံ့တောင် မခံဘူးဗျ.။ ကြီးကြီးကျယ်ကျယ်နဲ့ တော်တော်ဆိုးတဲ့ကြောင်မလေးပေါ့.။ကုတ်လိုက် ကိုက်လိုက်တာလဲ သူ့အပြင်မရှိဘူး တော်ရုံတန်ရုံလူကတော့ မကိုင်ရဲဘူး.။ ကျွန်တော့်ကိုတောင် သူအလိုမကျရင် ကုတ်တာ လက်တွေမှာဆို ချစ်မီးမီးလေးပေးသော ချစ်ဒဏ်ရာများနဲ့ ဟတ် ဟတ်.။


ကျွန်တော့်ရဲ့ မီးမီးလေး


အိပ်ရင် ပိုးလိုးပက်လက်နဲ့ ကြောင်မနဲ့ကို မတူဘူး။း)


အိပ်နေလို့ကတော့ ဘာလုပ်လုပ် ဂရုကိုမစိုက်ဘူး။(ကျွန်တော့်အရုပ်တွေလဲ သူဆော့လို့ကုန်ပြီ :P )


အခုတော့ အခန်းလည်နေတယ်.။ ဗိုက်ဆာရင် ပြန်လာတယ်.။ ညဆိုရင် ကျွန်တော်တို့ အိပ်မရအောင် ဆော့တယ်.။ အိပ်နေရင် မျက်နှာကိုလာလာပုတ်ပြီး ထွက်ပြေးတယ်.။ အဲလိုဆိုးလို့လဲ ကျွန်တော်လည်း ချစ်နေတာထင်တယ်( ကျွန်တော်က ဆိုးရင်ချစ်တယ်း) )။

မအေးသော ဆောင်းရက်များ

ဆောင်းတွင်းအေးအေး ဆောင်းဆိုမှတော့ အေးပြီပေါ့လေ ...။ မအေးတဲ့ဆောင်းတွေလဲ ရှိချင်ရှိမှာပေါ့..။ ရန်ကုန်ဆောင်းလည်း နည်းနည်းတော့ အေးပါတယ်.။ နေဖူးတဲ့ မြို့တွေကလည်း ဆောင်းဆို အေးတာများပါတယ်.။ ဆောင်းအကြောင်းကလဲ လေးမ Tag ပြီးတော့ဆိုတော့ ကျွန်တော့်ရဲ့ မအေးသောဆောင်းရက်များထဲက ပေါ့ပေါ့ပါးပါးလေးကိုပဲ ရေးလိုက်တယ်ဗျာ.။ အေးတာကိုကြိုက်တဲ့ ကျွန်တော်အဖို့ကတော့ အေးလေ ကွေးလေ ကွေးလေ နွေးလေဆိုတော့ နွေးနွေးလေးနဲ့ ကွေးရတာပေါ့ဗျာ.။ အဲ ... မကွေးရတဲ့ ဆောင်းတော့ မှတ်မှတ်ရရ ရှိတယ်ဗျ.။ ဒါလေးကိုပဲ တူမကြီးရဲ့ tag ကိုရေးလိုက်တယ်..။ အဆင်ပြေမှာပါ..။


မှတ်မှတ်ရရ အဲဒီဆောင်းပဲ ဘ၀တစ်ဆစ်ချိုးတယ်လို့ ဆိုမလား.. အတွေ့ အကြုံသစ်စတယ်လို့ပဲ ပြောမလား .။ နှစ်တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ကိုအကူး အရမ်းအေးတဲ့အချိန်ပေါ့ဗျာ.... ရောက်သွားတာက တောင်ပေါ်မြို့ လေးတစ်မြို့ ။ တောင်ပေါ်မြို့ ဆိုပေမဲ့လည်း ချိုင့်ဝှမ်းထဲမှာရှိတာဆိုတော့ စိမ့်နေအောင်အေးတာ.။ ရောက်စတစ်ရက်ကတော့ ကောင်းကောင်းကွေးလိုက်ရသေးတယ်.။ နောက်ရက်ကစပြီးတော့ မောင်မျှားပြာတို့ လိမ့်နေအောင် ပြေးရတော့တာပဲ.။ ၁၁း၀၀ လောက်မှနေကိုမြင်ရတဲ့နေရာမှာ ၆း၃၀ လောက်ထပြီး အလုပ်စလုပ်ရတော့တာ စဉ်းစားတာကြည့်တော့.။ မနက်ဆို ကိုယ့်လက်ကိုရှေ့ထုတ်ကြည့်တာ မမြင်ရဘူး.။ မျက်နှာသစ်တာတောင် စမ်းတ၀ါးဝါးနဲ့ ရေကလဲစမ်းချောင်းထဲကဆိုတော့ အေးလိုက်တာဆိုတာ ပြောမနေနဲ့တော့.။ ဒါတောင် ကိုယ့်ဘာသာခပ်ရတာ မဟုတ်ဘူး ကိုယ်တိုင်ခပ်ရရင်တော့ အပျင်းထူတာနဲ့တင် နေ့လည်လောက်မှ မျက်နှာသစ်ရမဲ့ကိန်းပဲ.။ မနက်စာလေးခြောက်တီးချောက်ချက်ကို ခပ်မြန်မြန်စား ပြောမဲ့ဆိုမဲ့သူမလာခင် တောထဲကို သုတ်သုတ် သုတ်သုတ်နဲ့လစ်ရတော့တာပဲ.။ အလုပ်လုပ်တဲ့နေရာကိုရောက်ဖို့က ၄၅ မိနစ်လောက်လျှောက်ရတဲ့တောလမ်း ကျန်းမာရေးကောင်းတာပေါ့ဗျား) ။ ပြီးတော့ အလုပ်လုပ်တယ်ပဲဆိုကြပါတော့ဗျာ.။


တစ်ရက်ကတော့ ထူးထူးခြားခြားပဲ.။ လှတပတကျောက်တုံးဝိုင်းဝိုင်းလေးတွေကို ကောက်ရတာပါ.။ သိပ်တော့မကြီးပါဘူး ကလေးခေါင်းသာသာလောက်ပါ.။ ကောက်ရတဲ့နေရာက စမ်းချောင်းထဲမှာ ရေက ဒူးခေါင်းလောက်ရှိတယ်.။ လက်နဲ့ကောက်ရတာကို ၂ကျင်းရအောင်ကောက်ဆိုပဲ.။ လူက ကျွန်တော်အပါအ၀င် ၆ ယောက်.။ ကဲ ကောက်ဆိုလဲ ကောက်ကြတာပေါ့. ဘာခက်တာလိုက်လို့.။ အလုပ်စပြီး ၁ နာရီလောက်ထိတော့ ထိုင်ကြည့်နေသေးတယ်.။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်မချမ်းသာတော့ဘူး.။ ထိုင်ကြည့်နေတဲ့သူတောင် အေးလာတာ ရေထဲက ကျောက်ခဲကောက်နေတဲ့သူဆို စဉ်းစားတာကြည့်တော့....။ ကဲ မနေတတ် မထိုင်တတ်တဲ့ကောင် ဘောင်းဘီခေါက်အင်္ကျီကိုချွတ်ပြီး ပျော်ပျော်ပါးပါးဝင်ကောက်တာပေါ့လေ.။ တော်တော်မသက်သာတာပဲဗျာ တချို့ ကျောက်တုံးတွေဆို သဲထဲနှစ်နေတာ ရအောင်ဆွဲထုတ်ရတာပဲ.. တတ်နိုင်ဘူး ဒါဘဲရှိတာကိုး.။ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေကတော့ တားပါတယ် အေးဆေးနေပါပေါ့ မနေနိုင်ပါဘူးဗျာ.. သူလဲလူ ကိုယ်လဲလူ ဘ၀ပေးကံခြင်းမတူလို့ အခြေအနေတွေမတူနိုင်ပေမယ့် လူလူချင်းကိုယ်ချင်းစာစိတ်ရှိဖို့ပဲ စိတ်ထဲထားတဲ့ကောင်ဆိုတော့လဲ အားလုံးက အတူတူပေါ့.။ တစ်မနက်လုံးထိုင်ကောက်တာတောင် ၁ ကျင်းစာပဲရတယ်.။ လူလဲ အေးလာပြီ. ခြေထောက်နှစ်ဖက် လက်နှစ်ဖက်လုံး ရေထဲထားပြီး အလုပ်လုပ်နေရတာ ကြာရင်လည်းသေဖွယ်ရာတာ ရှိတော့မှာမို့ ကဲ နားတော့ကွာ.။ ထမင်းပြန်စားဖို့ကလဲ ၁ နာရီကျော်ကျော်လမ်းပြန်လျှောက်ရမှာဆိုတော့ကာ အသွားအပြန်နဲ့ အလုပ်ပြန်လုပ်ရဦးမှာနဲ့... အင်း မထူးပါဘူး ဆိုင်ကယ်ကြုံလေးရှာပြီး ထမင်းပြန်ယူခိုင်း ထမင်းယူတဲ့သူပြန်လာတော့ ဆာဆာနဲ့စားမယ်လုပ်တော့ ထမင်းကအေးစက် ဟင်းက ခွေးတောင်မလျှက်( အဲလေ မှားလို့ ) ပဲနှပ်ပါ.။ ကျွန်တော့်အတွက်ကတော့ အထူးစပါယ်ရှယ် ကြက်ကောင်လုံးကြော်လို့ထင်ရင်တော့ အလွဲကြီး လွဲတော့မှာပေါ့.။ ကြက်ဥလေးရေလိမ့်ကြော်ပါ. ပြောနေကြာပါတယ် စားလိုက်တော့မယ်ရှိသေး ဟိုကောင်တွေက ခေါင်းတောင်မဖော်တော့ဘူး. သူတို့စားနေတာကြည့်ပြီး ရင်ထဲမှာ ဘာဖြစ်သွားမှန်းကို မသိဘူးဗျာ.။ မပြောတော့ပါဘူးဗျာ .. အဲဒါနဲ့ပဲ ကျွန်တော့်ရဲ့ ကြက်ကောင်လုံးကြော်ကြီးကို ၆ ပိုင်းပိုင်း တစ်ယောက်တစ်ပိုင်းနဲ့ (သူတို့ရဲ့ ပဲနှပ်လေးလဲ ခပ်တည်တည်နဲ့ ယူစားလိုက်သေးတာပေါ့ :P ) ထမင်းဝိုင်းလေး စိုစိုပြည်ပြည်ဖြစ်သွားတာပေါ့ဗျာ.။ အမှန်ပြောရရင် ကျွန်တော့်ဝေစုကို သူတို့ပန်းကန်ထဲလိုက်ထည့်ပေးတော့ သူတို့ပြန်ကြည့်တဲ့ မျက်လုံးတွေကို အခုထက်ထိ မမေ့သေးဘူး.။ ထမင်းစားပြီးတော့ ဆေးလိပ်လေးဖွာ နောက်အလုပ်လေးဆက်လုပ် ညနေပြီးတော့ ပြန်ကြတာပေါ့လို့ပဲ တိုတိုမှတ်လိုက်တော့နော်.။ ရေးရင်တော့ အဲဒီတစ်ရက်ထဲတင်ကို ၀တ္ထုတိုတစ်ပုဒ်လောက်ရမယ် ဟတ် ဟတ်။ ဆောင်းတွင်းအမှတ်တရလေးပေါ့.။



စာကြွင်း။ ။ အကြွေးဆပ်ဖို့တစ်ယောက်ကျန်သေးတယ်.. ဘုရင်မကြီးရေ ကျွန်တော်မမေ့ပါဘူးဗျာ.။ ပို့စ်အသစ်တက်ရင် မီးမီးနဲ့စပါ့မယ်..။ ခုတော့ အားလုံးပဲ တာ့တာဗျာ.။နောက်မှတွေ့ တာပေါ့..။

စဉ်းစားကြည့်တော့ ရယ်စရာ

ပြန်စဉ်းစားရင် ရယ်စရာဆိုတော့ကာ ... စဉ်းစားစမ်း ... စဉ်းစားစမ်း.။ စဉ်းစားကြည့်တော့လဲ အခုအသက်အရွယ်နဲ့က အကုန်ရယ်စရာတွေချည့်ပဲ ဖြစ်နေတယ်.။ ရယ်စရာလို့သာ ပြောတာပါ ကိုယ့်ဘာသာကိုယ်သာ ရယ်ရမယ် တခြားသူတွေအတွက်တော့ နှာခေါင်းပဲလိမ့်ရှုံနေမှာ မြင်ယောင်နေတယ်.။ သို့ပေသော်လည်း ပျော်စရာကမ္ဘာထဲက မီးမီးလေးက Tag တော့ ရှုံ့ချင်လည်း ရှုံ့စေတော့ ရေးရတော့မှာပဲ.။ မီးမီးလေးရေ ရေးပြီနော် စိတ်မကောက်ကြေး.။း)

အဲဒီအသက်အရွယ်တုန်းက ကျွန်တော်တို့ကောင်တွေ လမ်းတကာပတ်ပြီး ခွေလိမ့်လို့ ကောင်းတုန်းပေါ့.။ အခုခေတ်ကလေးတွေဆိုရင်တော့ ရည်းစားတွေဘာတွေရနေလောက်ပြီ.။ ကျွန်တော်တို့ကတော့ ပုဆိုးကွင်းသိုင်းပြီး ရွာရိုးကိုးပေါက်ဆော့လို့ကောင်းတုန်း.။ဖြစ်ပုံက ကျွန်တော့်အဖေ တခြားမြို့မှာ စစ်တုရင်သွားပြိုင်ရမယ့်အချိန်၊ ကျွန်တော့်အမေနဲ့ ကျွန်တော်က ဘူတာကြီးကို လိုက်ပို့တာပေါ့ဗျာ.။ အဖေက တနှစ်တခါဆိုသလို သွားရတာပါ.။ အရင်နှစ်တွေကတော့ လိုက်မပို့ပါဘူး အဲဒီနှစ်မှ အမေက လိုက်ခဲ့ဆိုလို့ ပေကြောင်ကြောင်နဲ့ လိုက်သွားတာ.။ဘူတာရောက်တော့ အဖေနဲ့ အမေ အလွမ်းသယ်တာကိုမကြည့်ချင်တာနဲ့ပဲ ကလေးပီပီ ကောင်မလေးတွေကိုလျှောက်ကြည့် အဲ ဟုတ်ပါဘူး ဟိုဟာတွေ ဒီဟာတွေလိုက်ကြည့်နေတာပါ။ ဘာတွေ့ လဲဆိုတော့ ကုလားမတွေကို သွားတွေ့ တာပါ.။ အဲဒီတုန်းက ကုလားမတွေက အခုခေတ်လိုတော့ ဟော့ရှော့တွေ မ၀တ်ဘူးဗျ.။ သိတယ်မဟုတ်လား ဆာလီလားဘာလား အဲဒါကြီးတွေဝတ်ပြီးတော့ နဖူးမှာလဲ ဘာတွေကပ်ထားမှန်းမသိဘူး နှာခေါင်းမှာလဲနားကွင်းတွေနဲ့ လက်ကောက်တွေက တချွမ်ချွမ် ၀တ်စုံပြည့်ဝတ်ထားတာ ကြည့်လို့တော့ကောင်းသား.။ ကလေးဆိုတော့ လိုက်ကြည့်တာပေါ့ဗျာ.။ ကြည့်လို့ကောင်းတုန်းရှိသေး ရထားကတွဲထိုးလာတော့ အဖေက ရထားပေါ်တက် အမေနဲ့ ကျွန်တော်က ပြူတင်းပေါက်ဘေးကနေ စကားတွေပြောတာပေါ့.။


တကယ်လဲခွဲရမယ်ဆိုတော့ ရင်ထဲမှာဘယ်လိုကြီးလဲမသိဘူး ဒါတောင် ကျွန်တော်နဲ့ အဖေနဲ့က အဲလောက်ရင်းရင်းနှီးနှီးနေတာ မဟုတ်ဘူး။ ငိုချင်သလို ရယ်ချင်သလိုနဲ့ မျက်ရည်တွေဘာတွေတောင်ဝဲလာသေးတယ်.။ အမေကတော့ ငိုမဲ့မဲ့နဲ့ အဖေကလည်း မိန်းမနဲ့ခွဲရမှာမို့လိုလားမသိဘူး မျက်နှာက မကောင်းဘူး.။ကျွန်တော်လည်း ကလေးဆိုတော့ သူတို့နှစ်ယောက်ကိုကြည့်ပြီး အလိုလိုငိုချင်လာတာ.။ ရထားလည်းထွက်ရော အဖေက လက်ပြ၊ အမေက လက်ပြနဲ့ ကျွန်တော်လည်း မထိန်းနိုင်တော့ဘူး အမေ့ကိုဖက်ပြီး ငိုတာ နှပ်တွေဘာတွေတောင် ထွက်လို့ .။ တော်တော်ကြာတော့မှ အနောက်ကနေ သားရေ ပြန်မယ်ဆိုလို့ ပခုံးလာပုတ်တော့ လှည့်ကြည့်လိုက်တာ ကျွန်တော့်အမေဖြစ်နေတယ်.။ ဟိုက် အဲဒါဆို ငါဖက်ငိုနေတာ ဘယ်သူပါလိမ့်ဆိုပြီး မော့ကြည့်လိုက်မှ အမယ်လေး စောနက ကုလားမကြီးဖြစ်နေတော့တာကိုး.။ ရှက်လိုက်တာဗျာ ဘေးကလူတွေကလဲ ပြုံးစိစိနဲ့ ကုလားမကြီးကလဲ ရယ်ကျဲကျဲနဲ့ ကျွန်တော့် မျက်နှာဘယ်ထားရမှန်းတောင် မသိဘူး.။ အဲဒီကုလားမကလဲ ကျွန်တော့်အနားကို ဘယ်အချိန်ကရောက်လာတာလဲကိုမသိဘူး။ ကျွန်တော်ကလည်း အမေပဲဆိုပြီးကောင်းကောင်းဖက်ငိုနေတာ.။ရှက်ရှက်နဲ့ အမေလက်ကိုဆွဲပြီးထွက်လာတာ အိမ်ရောက်တဲ့အထိ ထူပူနေတုန်း .. ဟီး ဟီး ..။ ဖြစ်လိုက်ရင်တော့ ပေါက်ကရကြီးပဲဗျ.။


မရယ်ရလဲ ကလိထိုးပြီးသာရယ်တော့ဗျာ နော့..။ မီးမီးလေးရေ ကြာလို့ဆိုပြီး စိတ်မကောက်နဲ့တော့နော် ကျွန်တော်ရေးလိုက်ပြီ.။ နောက်အကြွေးကျန်သူများကိုလဲ လကုန်ပြီးပြီဖြစ်ပါ၍ အမြန်ဆုံးဆပ်မည် ဖြစ်ပါကြောင်း ..........။ ။