ကလေးငယ် .... သို့

ကလေးငယ်ရေ ...
မင်း ကောင်းရာသုဂတိလားပါစေကွာ ...။

ကလေးငယ်ရေ ...
သည်လူတွေရဲ့ ပါးစပ်က
ထွက်ထွက်ကျလာတဲ့ စကားတွေကို
အစတည်းက မယုံကြည်ခဲ့ပါဘူး
ဒါပေမယ့် လောကကြီးက
ငါ့ကို တားမြစ်ပိုင်ခွင့်မပေးဘူးလေ ...။

ကလေးငယ်ရေ ...
အတွေ့ အထိကို မရှောင်ချင်တဲ့
ကာမရမ္မက်ကို ရှေ့တန်းတင်တဲ့
သူ့တို့ဆီမှာမှ သန္ဓေတည်ခဲ့တာ
မင်းကံက ဆိုးရွားလိုက်တာ ...။

ကလေးငယ်ရေ ...
ဘ၀တွေ တိုးတက်အောင်မြင်ဖို့အတွက်
အချိန်တွေ၊ငွေတွေ ရင်းနှီးခဲ့တာ
ပျော်ရွှင်မှု လွတ်လပ်မှု
ခံစားချက်ပေါင်းစုံကို စတေးခဲ့တာ
နောက်ဆုံးတော့ မင်းကိုပါစတေးခဲ့ကြပြီ ...။

ကလေးငယ်ရေ ...
ဖြစ်ပြီးရင် ပျက်တယ်တဲ့
ဝေပြီးရင် ကြွေတယ်တဲ့
မဝေခင်က ကြွေတဲ့
မဖြစ်ခင်က ပျက်တဲ့
မင်းဘ၀နဲ့ လူတွေရဲ့သဘောတရား
ငါ နားမလည်တော့ဘူး ...။

ကလေးငယ်ရေ ...
မေတ္တာသုတ်တွေ
လူ့အခွင့်အရေးတွေ
လူလူချင်း စာနာသနားမှုတွေ
သူတို့ပါးစပ်က ပြောထွက်ခဲ့တာ
ငါ နားကြားမှားခဲ့လေသလား ...။

ကလေးငယ်ရေ ...
အတိတ်က အရှင်လတ်လတ်ဒဏ်ရာတွေနဲ့
အနာဂါတ်ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုတော့
ရင်ဘတ်ထဲ မရောက်ခဲ့ရိုးအမှန်ပါ
ပစ္စပ္ပန်ရဲ့ အရှိတရားကတော့
ခါးသက်လွန်းပါတယ်လေ ...။

ကလေးငယ်ရေ ...
ငါရဲ့ အသုံးမကျမှုတွေအတွက်
ဆဲဆိုပါ ရိုက်နှက်ပါ
ထုထောင်းပါ အပြစ်ပေးပါ
မင်းရဲ့ ၀မ်းနည်းမျက်ရည်တွေနဲ့
ငါ့ကိုယ်ငါ အခါခါဆေးကြောပါ့မယ်
သေဆုံးခြင်းရဲ့နောက် ဟိုးးးးးးတစ်နေရာထိ ...။

ကလေးငယ်ရေ ...
မင်း ကောင်းရာသုဂတိလားပါစေကွာ ...။

လူမဆန်တဲ့ လူနှစ်ယောက်ကြောင့် လူဖြစ်ခွင့်မရလိုက်တဲ့ ကလေးငယ်လေးတစ်ယောက်အတွက် ... ကလေးငယ်ရေ သည်လိုအဖြစ်တွေ နောက်မဖြစ်ပါစေနဲ့လို့ ငါဆုတောင်းနေပါတယ် ...
မင်း ကောင်းရာသုဂတိလားပါစေ ...။ ။

4 comments:

Anonymous said...

ကလေးငယ်... သို့
ကို
ခံစားသွားတာ်။ တားဆီးခွင့်မရတဲ့အတွက် ၀မ်းနည်းနေတဲ့ ကိုမျှားပြာရဲ့အသိစိတ်ကို ချီးကျူးပါတယ်။ လောကကြီးမှာ အဲလိုလူမျိုးတွေ အများကြီးမှ အများကြီးပါ။
အေျးချမ်းသူ

ThinkingHoney said...

such a nice poem!
it can really touch us

Anonymous said...

အင်း... ကလေးငယ်က သူရဲ့ သေခွင့်.ရှင်ခွင့်.ကို ရွေးပိုင်ခွင့်မှ မရှိဘဲလေ.။

မျှားပြာ said...

နှင်းနှင်းရေ အဆင်ပြေပါစေဗျာ.။
မဟန်နီ ကျေးဇူးပါဗျို့  ။
အစ်မလေးမရေ အဲလိုကြီးလားဗျ ၊