ခွင့်ပြုပါခင်ဗျာ ...

ကျွန်တော် ဘလော့ရေးခြင်းကို နားထားပါဦးမယ်ခင်ဗျာ ...။

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ထင်သလိုရေးတယ် ရေးချင်သလိုရေးတယ် ငါမှားသွားလို့လဲ ကမ္ဘာမပျက်ဘူး

ယောင်တောင်ပေါင်တောင်
ကြောင်တောင်တောင်ကောင်တွေရဲ့
အစာအိမ်ဝမှာ မုသာဝါဒတွေနဲ့ ပိတ်ဆို့နေတယ်
ကမ္ဘာကြီးကပဲ ပိုပြီးတိမ်းစောင်းလာတာလား
လူတွေကပဲ စောင်းငန်းငန်းဖြစ်လာတာလား
လက်တွေတယမ်းယမ်း အံတွေတကျိတ်ကျိတ်နဲ့
လမ်းတွေက မကောက်ပေမယ့်
စိတ်တွေကတော့ မဖြောင့်တော့ဘူး
မနေ့တနေ့ကတော့ ကျွန်တော်နဲ့ ငါ
လက်မောင်းသွေးဖောက်လို့ သစ္စာရေသောက်ကြတယ်
( တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိကြေးပေါ့ )
သောက်ပြီးခဏမှာပဲ ဗိုင်းခနဲလဲကျတယ်
( မသေသေးဘူး ဆန့်ငင်ဆန့်ငင်နဲ့ )
ကဲ ကဲ အားရပါးရကခုန်ကြ
ဒါဟာ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကို ခံယူတာမဟုတ်သလို
ခရစ်တော်မှာလည်း အိပ်ပျော်တာမဟုတ်ဘူး
နေ့စဉ်ထုတ်သတင်းစာမှာ ၁" . ၂" အကွက်တစ်ကွက်ပါဖို့လဲ မဟုတ်ဘူး
ကျင့်ခြင်သလို ကျင့်ပြီး ဆင်ကြံ ကြံနေကျတဲ့
နိုင်ငံကြီးသားများ နှုတ်သီးကောင်းလျှာပါးဖို့ဖြစ်တယ်
အတောင်နှစ်ဆယ် ၀တ် မ၀တ်
မသေချာတဲ့ ယောကျာင်္းရင့်မာကြီးများ
ပုဆိုးခြုံထဲက လက်သီးပြဖို့ဖြစ်တယ်
ရယ်ကြ မောကြ ပျော်ကြ ပါးကြ
လူတော်လူကောင်းတွေရဲ့ ပုံစံခွက်ထဲ
ဒလိမ့်ကောက်ကွေး ပြုတ်မကျခင်
ပိဿလေးနဲ့ ဘေးပစ်ကြ
ဒါမှမဟုတ် အလွှာပါးပါးခြုံပြီး ငိုကြွေးကြ
ပဉ္စမံအနမ်းတွေနဲ့ အားပါးတရနမ်းကြ
ဟောဒီနေရာမှာ စာရေးတာ၊ကဗျာရေးတာမဟုတ်သလို
အနုပညာကို ချပြတာလည်းမဟုတ်ဘူး
စိတ်ထင်ရာကို လျှောက်ရေးတာ
မိုက်တယ်ဆိုတာ သိပ်လွယ်တာပေါ့
လက်ညှိုးလေးကွေးတတ်ဖို့ မလိုဘူး
နားရွက်တံတွေးဆွတ်တတ်ဖို့ပဲ လိုတယ်
အကုန်လုံးမှန်နေတဲ့ လူတွေကြားမှာ
တစ်ယောက်မှားသွားလို့ ဘာဖြစ်သွားမလဲ
ကဲပါလေ လူညီကြသားပဲ
ဤ ကျွဲဖတ်လိုက်ကြတာပေါ့ ... ... ...။

ကဗျာခေါင်းစဉ်ကို အစ်မဟန်နီရဲ့ ဘန်နာက စာသားကို ယူထားတာပါ ..။

မင်းကို သတိရနေတယ် ချစ်သူ



တခါတလေတော့လည်း ငါဟာ အခြေအနေမဲ့တစ်ယောက်ပေါ့ ...။

ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်

ဒီနေ့မှာ သူမအတွက် ကျွန်တော်နူးညံ့စွာရူးသွပ်တယ်

ဟောဒီနေ့မှာ ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်ကို
ကျွန်တော် တဖုတ်ဖုတ်နဲ့ ပစ်ကျတယ်
သူမမျက်နှာညှိုးငယ်တဲ့အခါ
ကျွန်တော့်ဘာသာဗေဒတွေ
ဖောက်လွှဲဖောက်ပြန် ဖြစ်ကုန်တယ်
သူမရဲ့ မျက်ရည်တွေကြားမှာ
ကျွန်တော် စုန်းစုန်းမြှုပ်တယ်
စီကာစဉ်ကာ မဟုတ်ပဲ
ကျလာတဲ့ကျွန်တော့်ရဲ့မျက်ရည်တွေကိုတော့
ခပ်ဝေးဝေးကို ကန်ထုတ်ပြစ်မိတယ်
အရှအနများတဲ့ ကျွန်တော့်ကဗျာတွေဟာ
သူမနဲ့မသက်ဆိုင်ပါဘူးဆိုတာ
ကျွန်တော်တိုးတိုးလေး ရေရွတ်တယ်
ကျွန်တော်နဲ့သူမ ရင်ခြင်းအပ်တဲ့အခါ
ကျွန်တော်ရဲ့နူးညံ့မှုတွေနဲ့
သူမကို နွေးထွေးစေမယ်
မြောက်ပြန်လေတွေ မတိုက်ခတ်မီ
သူမနဲ့ပါးပြင်ချင်း နီးချင်တဲ့အကြောင်း
ကျွန်တော် စာလုံးပေါင်းပြမယ်
တိမ်တွေပြာမယ့် တစ်နေ့
ကျွန်တော့်ရင်ခွင်မှာ သူမကိုထွေးပွေ့လို့
ချစ်ခြင်းသံစဉ်တွေကိုသီဆိုပြမယ်
သူမရဲ့ မနက်ခင်းတိုင်းကို
ကျွန်တော့်အနမ်းတွေနဲ့
နိုးထစေမယ်ဆိုတဲ့အကြောင်း
သူမရဲ့ နှုတ်ခမ်းတွေကို တိုင်တည်ပါတယ်။



စိတ်ညစ်နေတဲ့အခါ …

စိတ်ညစ်နေတဲ့အခါ


စိတ်ညစ်နေတဲ့အခါ
ကျွန်တော့်မျက်နှာကို ပွတ်သပ်ပေးတတ်တဲ့
ချစ်သူရဲ့ လက်ကလေးတွေကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
တစ်ခါတည်း ကိုင်ကြည့်ဖူးတဲ့
ချစ်သူရဲ့ခြေသန်းလေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
အမြဲတမ်းနမ်းခဲ့ရတဲ့
ချစ်သူရဲ့ ဆံပင်ရှည်ရှည်တွေကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
တစ်ခါမှ မနမ်းဖူးတဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
ချစ်သူရဲ့ ရင်ငွေ့ နွေးနွေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
ချစ်သူရဲ့ အစိတ်အပိုင်းအားလုံးကို လွမ်းတယ် ...။

မျက်လွှာချ မကြည့်ကြေး

မျက်လွှာချ မကြည့်ကြေး


ခြေသလုံးအိမ်တိုင်

ရွတတ ကျွတ်ဆတ်ဆတ်မို့

မည်ကာမတ္တတွေနဲ့

ကာရန်ရှာကြည့်မိတယ်

အဆုံးတော့ ရှုံ့တွနေတဲ့

နာမ၀ိသေသနတစ်ခုကို

အရှင်လတ်လတ်

ဆုပ်ကိုင်မိတယ်

နာကြည်းစွာ၊ ရွံ့ ရှာစွာ

စက်ဆုပ်စွာ တိုက်ခိုက်ရန်

အဆင်သင့်ဖြစ်ပါပြီ …။

ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်


ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ ရင်ခတ်သံဟာ ခံစားချက်ရဲ့ မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )

သုံးချောင်းထောက်ကဗျာ

သုံးချောင်းထောက်ကဗျာ

သူငယ်ချင်းသုံးယောက်ရှိတယ်
လေကြီးမိုးကြီးရယ်
လျှာပေါ်မြက်ပေါက်ရယ်
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရယ်..
လေကြီးမိုးကြီးက
ဒီနေ့ ဒိုင်ယာလော့တွေ လွှတ်ကောင်းနေတယ်
ဘီယာကိုရေခဲသေတ္တာထဲတည့်တယ်
ပြီးတော့ heater ပေါ်တင်တယ်
ပူတစ်ဝက်အေးတစ်ဝက်ဘီယာကို
ချစ်သူတစ်ယောက်လိုယုယနေပုံ
သူ့မျက်လုံးတွေကရီဝေ
သူ့နှုတ်ခမ်းတွေကတုန်ယင်
အိပ်ရေးမ၀လို့ထင်ပ
ဟေ့.. နှင်းဆီခိုင်ကြီးရေ
လာဟေ့ မင်းအလှည့်
တို့မှာလည်း
ရင်ငွေ့လှုံစရာဆိုလို့ဒါလေးပဲရှိတယ်ကွာ
ဟုတ်တယ်ဟုတ်..။

မဟုတ်ဘူးကွတဲ့
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က
ဝမ်းခေါင်းသံကြီးနဲ့ ထအော်တယ်
မင်းချက်တဲ့ကဗျာက မနူးဘူး
ဆရာ့ဆရာကြီးတွေ ၀မ်းပျက်နေဦးမယ်ဆိုပဲ
ကြိုက်သပ
လာစမ်းကွာ..
မင်းဘာကောင်လဲ ငါဘာကောင်လဲ
အသည်းကွဲတဲ့အကြောင်းတော့ လာမပြောနဲ့
မင်းလှိမ့်တာတွေရိုးနေပီလေ
ဟေး..ဟေး မျက်နှာကြီးရှုံ့မဲ့သွားပုံက
လေလျော့နေတဲ့ ပူစီပေါင်းလို
အတွင်းသားမှာ ဗလာကျင်းနေသယောင်
ဟာ..ဟ မင်းကိုငါမယုံတော့ဘူး နှင်းဆီခိုင်
လာလာ မင်းထိုင်လှည့် ငါညောင်းနေပြီ။

ကဲ ... လေကြီးမိုးကြီးရေ
မင်းမခေါ်ခင်တည်းက ငါတက်ချင်နေတာဟ
နေဦး ဒါလေးတော့ ကုန်အောင်မော့မယ်ကွာ
အဆင်ပြေတယ် မဟုတ်လား
ဟ .. ခုံပေါ်မှ မရောက်သေးဘူး
ဟိုဘက်မှာငါသောက်ညင်ကတ်တဲ့
ရမ်ဘိုကားက ဖွင့်ထားပြန်ပီ
ထားတော့ ဘလော့ဂါတစ်ယောက်ကပြောတယ်
နှာစေးနေတာ ကောင်းတယ်တဲ့
မနေ့က မန်ယူရှုံးသွားတယ်
ဒီနေ့တော့ မင်းဆီရောက်လာတယ်
မင်းကို ကြိုသတိပေးမယ် ..
ငါ ခေါက်ဆွဲခြောက်နဲ့ ရန်ဖြစ်ထားတယ်
ဟေ့ကောင် လျှာပေါ်မြက်ပေါက်
ဟိုလူကောင်းတယ် ဒီလူကောင်းတယ်မလုပ်နဲ့
အရက်မရှိတဲ့ ပုလင်း ဂျိုကာမပါတဲ့ ဖဲထုပ်
အင်တာနက်မချိတ်ထားတဲ့ ကွန်ပျူတာ
ကပ်ကပ်လန်အောင်ရန်မတွေ့ တတ်တဲ့ ကောင်မလေး
ယောင်လို့တောင် ရန်မခုန်တတ်ဘူး
အဲဒီစကားလုံးတွေက ကြားရတာများလို့ နားခါးနေပြီ
ပြောရဖန်များလို့ ရွှေချရမယ်ဆိုရင်လည်း
ရွှေတောင်ကြီး ဟည်းထနေပေါ့
လျှာဖျားမှာ အသားမာတွေက သက်သေ။

ငါဖြတ်ပြောဦးမယ် လေကြီးမိုးကြီးရေ
မင်းကို ခုန..ကဗျာရေးပါဆို
ကွန်ပြူတာရှေ့ထိုင်ပြီး
ဘီယာလေးစုပ်လိုက် ကဗျာလေးရေးလိုက်
ဘူဇွာတပတ်ရစ်ကြီးနဲ့တူနေသလေး ဘာလေး
လက်ဝဲယိမ်းသလေး လက်ယာယိမ်းသလေးနဲ့
မင်းကိုယ်မင်းနိုင်အောင် အရင်ထိန်းပါဦး
ဘာလဲ ပေတီးပေစုတ်နေမှ
မင်းက ကဗျာဆရာလို့ထင်တာလား
အငဲရဲ့သီချင်းတစ်ပုဒ် ငါဆိုပြမယ်
"မင်းတို့အကြိုက် တံဆိပ်မကပ်နဲ့" တဲ့
ဘာလဲ မင်းသိပ်တုန်လှုပ်သွားသလား
မလန့်ပါနဲ့ကွာ
မင်းရင်ထဲရှိတာ ရေးချလိုက်စမ်းပါ ...
ဘယ်သူမှ ဦးမညွှတ်ရင်နေ ငါဦးညွှတ်မယ်။

မင်းရယ်နေမလား လျှာပေါ်မြက်ပေါက်
ဒါမှမဟုတ် ခပ်တည်တည်နဲ့ မင်းစတိုင်လ်အတိုင်းလုပ်နေမလား
သေချာတာတော့ သိပ်ချစ်တတ်တဲ့ယောင်္ကျားတိုင်းဟာ
နည်းနည်းလေးဝင်လာရင် ချစ်သူကိုတမ်းတတတ်တယ်ဆိုတာပဲ
ငါမြင်နေရတယ်လေ
ငါ့ရင်ဘတ်ထဲရှိတဲ့သူတိုင်းကို ငါမြင်နေရတယ်
ဖြစ်နိုင်ရင်တော့ မင်းရဲ့သိပ်ချစ်တတ်တဲ့နှလုံးသားကို
တစ်ရာသီတော့ အငှားချကွာ
ငါလည်း လူငယ်ခြေတက်တစ်ယောက်ပါ
နေဦး "တူတူတူ တူတူတူ" တဲ့
ဖုန်းလာနေပြီ
ကဲ လျှာပေါ်မြက်ပေါက်ရေ
မင်း စင်ပေါ်ကို တက်လိုက်ဦး ...။

ငါ့အလှည့်များရောက်ပါ့မလားလို့ ကွာ
မင်းတို့တွေလဲ ဂေါ်ဖီစားပြီး တော်ကီ ပွားလွန်းအားကြီးတယ်
ဖြေးဖြေးလဲ ဖေါက်ပါ ဆြာတို့ရယ်
အဖျားအနားလေးပဲဖြစ်ဖြစ် ငါလဲလန်းပါရစေကွာ
မင်းလက်ထဲကစီးကရက် ငါ့ကိုပေးဟေ့..
ကဗျာရေးရင် အတွေးတွေက အခိုးအငွေ့လို
လည်မျိုထိတွယ်တွယ်တက်လာရဲ့
အချစ်အကြောင်းကို ကဗျာဖွဲ့မယ်ဆိုပဲ
မလုပ်နဲ့..မလုပ်နဲ့
ဒီကိစ္စတအားနူးညံ့တယ်ဟ။

ငါ့မှာလဲ ငိုခြင်းတစ်ပုဒ်ရဲ့ညွှတ်ကွင်းထဲ
အမုန်းတွေပဲ ခွဲတမ်းကျကျလာတယ်
ကံကြမ္မာကလဲ ငါ့ကျမှ မျက်နှာဖျက်ရိုက်
စားစရာမရှိ လျှော်စရာရှိပေါ့ကွာ
လျှာပေါ်မြက်ပေါက်တောင် ငါဆိုတဲ့ကောင်က ခပ်ပြုံးပြုံးပဲ
မရယ်နဲ့ ငါ့ကောင်တွေရေ..
ကင်မရာ မီးတွေဖျတ်ဖျတ် ဘယ်သူများ အကယ်ဒမီရမလဲ
အားလုံးရင်တလှပ်လှပ်
ငါ့အနားဘယ်သူမှ လာမကပ်နဲ့ လာမကပ်နဲ့
တစ်ကောင်ထဲပဲ
ဒါပေမယ့်ကြွက်စုတ်
ငါ့လက်ကို ၀ိုင်းဆွဲကြပါဦး
ငါ့လက်တွေ ဗဟိုချက်မဲ့နေလို့ကွာ
ခေါင်းထဲက မိုက်ကနဲ ဆို လက်က ရိုက်ပြီးသားပဲ
ဘေးက ဘီယာပုလင်းကလဲ ဖင်ကပ်နေပြီ
အိမ်ရှင်ဘယ်သူလဲဟေ့... ဘယ်ကောင်လဲ
လက်ညှိုးလေးကွေးရုံနဲ့ လူမိုက်ဆိုကွ
ဒီအချိန်မှာ ငါလက်တက်နေတယ်
ငိုင်မနေနဲ့ ငူမနေနဲ့
နိုင်သောသူတစ်ဝိုင်းလုံးသိမ်းတယ်ဆိုတာ
ကြားဖူးရဲ့မဟုတ်လား ။

ဟောဒီမှာ
ငါတို့ကဗျာကို သုံးချောင်းထောက်ထားတယ်
ညာရမှာပျင်းတဲ့ လူသုံးယောက်
ကိုယ့်အရိုးနဲ့ကိုယ်ထောက်ကူ
ဘ၀ကိုကဗျာနဲ့ ဆ,တူရောစပ်ထားခြင်း ဖြစ်တယ်
ကဗျာစီးဝင်လာရာလမ်းကြောင်းအတိုင်း
သံဂဟေ ကြေးဂဟေ အထပ်ထပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ် ပလပ်ခေါင်းထိုးလိုက်ကြတာလည်း ဖြစ်တယ်
မိတ်ဆွေ အလိုက်အထိုက်တော့ မလုပ်ပါနဲ့
ကြိုက်ရင်လဲကြိုက်သလို မကြိုက်ရင်လည်းမကြိုက်သလို
ဆဲပါ.. ဆိုပါ.. ယဉ်ကျေးသိမ်မွေ့ပါ
ဟောဒီကဗျာကပေးလာမဲ့အမွေ ရွှေဖြစ်ပါစေတော့..။ ။

ညိမ်းညို+တင့်ထူးရွှေ+ မျှားပြာ

ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို

ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို

“ယောက်ျားချင်းအချစ်နဲ့ 
ယောက်ျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီ ဗိုင်းရပ်(စ်) ပိုးကို
ငါအရင်တွေ့ရှိ တာပါကွယ်“…….မောင်ချောနွယ်
ညိမ်းညိုရေ…..မင်းဘယ်လိုလဲ
မင်းဘယ်သူဆိုတာထက်
မင်းကဗျာသာ ငါစိတ်ဝင်စားတယ်
မင်းကဗျာထဲမှာသာ
မင်းကို ငါ ရှာဖွေလိုက်ချင်တယ်
ငါ့ ဒိုင်ယာရီ ရဲ့စာတစ်မျက်နှာ
မင်းကဗျာကြောင့် ထွန်းလင်းတောက်ပတယ်
အိပ်မက် တွေနဲ့ ကဗျာဆရာ
ငါ့ကိုငါ ခေါ်ဖို့ မရဲပေမယ့်
မင်းကိုငါ ခေါ်ရဲဖူးချင်တယ်
ငါတို့ တရားမဟောဘူး
ငါတို့ လမ်းမပြဘူး
ခံစားမှု တွေကိုသာငါတို့ လှုပ်နှိုးတယ်
မေတ္တာတရားကို မြတ်နိုးတယ်
ဒဏ်ရာအနာတရ တွေကိုသာ
ချင်ခြင်းတပ်စွာ လိုက်ရှာတယ်
လောကကြီးနဲ့ စိတ်ဆိုးစိတ်ကောက်တယ်
ဖန်တစ်ရာတေအောင် ရန်ဖြစ်လည်း
ငါတို့ ပြန်ပြန်ချစ်တယ်
ကဗျာဆရာ ရဲ့မဟာတာဝန်ဟာဒါပဲ
ဒီလောက်ပဲပေါ့ကွာ
“ကဗျာဆရာသေရင်
ကဗျာနဲ့ သရဏဂုံ တင်ရတယ်“…..မောင်ချောနွယ်
ညိမ်းညိုရေ
မင်းမသေဘဲ
မင်းကဗျာတွေမသေလိုက်ပါနဲ့
ကဗျာကို ယုံတာစုံလုံးမကန်းပါဘူး
ငါ သေရင် သရဏဂုံ တင်ဖို့
ကဗျာတွေ ထမ်းပြီး ပြန်ခဲ့တော့…..ညိမ်းညို ။ ။

ညီသူငယ်ချင်း မျှားပြာ နှင့် ညိမ်းညို သို့ 


ညိုထက်ညို ( ၂၃၊၀၁၊၀၈ )

ကိုညိုထက်ညိုရဲ့ ကဗျာလေးပါဗျာ အစ်ကိုရေ ကျေးဇူးတင်ပါတယ်။ အဆင်ပြေပါစေဗျာ။