သုံးချောင်းထောက်ကဗျာ

သုံးချောင်းထောက်ကဗျာ

သူငယ်ချင်းသုံးယောက်ရှိတယ်
လေကြီးမိုးကြီးရယ်
လျှာပေါ်မြက်ပေါက်ရယ်
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရယ်..
လေကြီးမိုးကြီးက
ဒီနေ့ ဒိုင်ယာလော့တွေ လွှတ်ကောင်းနေတယ်
ဘီယာကိုရေခဲသေတ္တာထဲတည့်တယ်
ပြီးတော့ heater ပေါ်တင်တယ်
ပူတစ်ဝက်အေးတစ်ဝက်ဘီယာကို
ချစ်သူတစ်ယောက်လိုယုယနေပုံ
သူ့မျက်လုံးတွေကရီဝေ
သူ့နှုတ်ခမ်းတွေကတုန်ယင်
အိပ်ရေးမ၀လို့ထင်ပ
ဟေ့.. နှင်းဆီခိုင်ကြီးရေ
လာဟေ့ မင်းအလှည့်
တို့မှာလည်း
ရင်ငွေ့လှုံစရာဆိုလို့ဒါလေးပဲရှိတယ်ကွာ
ဟုတ်တယ်ဟုတ်..။

မဟုတ်ဘူးကွတဲ့
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က
ဝမ်းခေါင်းသံကြီးနဲ့ ထအော်တယ်
မင်းချက်တဲ့ကဗျာက မနူးဘူး
ဆရာ့ဆရာကြီးတွေ ၀မ်းပျက်နေဦးမယ်ဆိုပဲ
ကြိုက်သပ
လာစမ်းကွာ..
မင်းဘာကောင်လဲ ငါဘာကောင်လဲ
အသည်းကွဲတဲ့အကြောင်းတော့ လာမပြောနဲ့
မင်းလှိမ့်တာတွေရိုးနေပီလေ
ဟေး..ဟေး မျက်နှာကြီးရှုံ့မဲ့သွားပုံက
လေလျော့နေတဲ့ ပူစီပေါင်းလို
အတွင်းသားမှာ ဗလာကျင်းနေသယောင်
ဟာ..ဟ မင်းကိုငါမယုံတော့ဘူး နှင်းဆီခိုင်
လာလာ မင်းထိုင်လှည့် ငါညောင်းနေပြီ။

ကဲ ... လေကြီးမိုးကြီးရေ
မင်းမခေါ်ခင်တည်းက ငါတက်ချင်နေတာဟ
နေဦး ဒါလေးတော့ ကုန်အောင်မော့မယ်ကွာ
အဆင်ပြေတယ် မဟုတ်လား
ဟ .. ခုံပေါ်မှ မရောက်သေးဘူး
ဟိုဘက်မှာငါသောက်ညင်ကတ်တဲ့
ရမ်ဘိုကားက ဖွင့်ထားပြန်ပီ
ထားတော့ ဘလော့ဂါတစ်ယောက်ကပြောတယ်
နှာစေးနေတာ ကောင်းတယ်တဲ့
မနေ့က မန်ယူရှုံးသွားတယ်
ဒီနေ့တော့ မင်းဆီရောက်လာတယ်
မင်းကို ကြိုသတိပေးမယ် ..
ငါ ခေါက်ဆွဲခြောက်နဲ့ ရန်ဖြစ်ထားတယ်
ဟေ့ကောင် လျှာပေါ်မြက်ပေါက်
ဟိုလူကောင်းတယ် ဒီလူကောင်းတယ်မလုပ်နဲ့
အရက်မရှိတဲ့ ပုလင်း ဂျိုကာမပါတဲ့ ဖဲထုပ်
အင်တာနက်မချိတ်ထားတဲ့ ကွန်ပျူတာ
ကပ်ကပ်လန်အောင်ရန်မတွေ့ တတ်တဲ့ ကောင်မလေး
ယောင်လို့တောင် ရန်မခုန်တတ်ဘူး
အဲဒီစကားလုံးတွေက ကြားရတာများလို့ နားခါးနေပြီ
ပြောရဖန်များလို့ ရွှေချရမယ်ဆိုရင်လည်း
ရွှေတောင်ကြီး ဟည်းထနေပေါ့
လျှာဖျားမှာ အသားမာတွေက သက်သေ။

ငါဖြတ်ပြောဦးမယ် လေကြီးမိုးကြီးရေ
မင်းကို ခုန..ကဗျာရေးပါဆို
ကွန်ပြူတာရှေ့ထိုင်ပြီး
ဘီယာလေးစုပ်လိုက် ကဗျာလေးရေးလိုက်
ဘူဇွာတပတ်ရစ်ကြီးနဲ့တူနေသလေး ဘာလေး
လက်ဝဲယိမ်းသလေး လက်ယာယိမ်းသလေးနဲ့
မင်းကိုယ်မင်းနိုင်အောင် အရင်ထိန်းပါဦး
ဘာလဲ ပေတီးပေစုတ်နေမှ
မင်းက ကဗျာဆရာလို့ထင်တာလား
အငဲရဲ့သီချင်းတစ်ပုဒ် ငါဆိုပြမယ်
"မင်းတို့အကြိုက် တံဆိပ်မကပ်နဲ့" တဲ့
ဘာလဲ မင်းသိပ်တုန်လှုပ်သွားသလား
မလန့်ပါနဲ့ကွာ
မင်းရင်ထဲရှိတာ ရေးချလိုက်စမ်းပါ ...
ဘယ်သူမှ ဦးမညွှတ်ရင်နေ ငါဦးညွှတ်မယ်။

မင်းရယ်နေမလား လျှာပေါ်မြက်ပေါက်
ဒါမှမဟုတ် ခပ်တည်တည်နဲ့ မင်းစတိုင်လ်အတိုင်းလုပ်နေမလား
သေချာတာတော့ သိပ်ချစ်တတ်တဲ့ယောင်္ကျားတိုင်းဟာ
နည်းနည်းလေးဝင်လာရင် ချစ်သူကိုတမ်းတတတ်တယ်ဆိုတာပဲ
ငါမြင်နေရတယ်လေ
ငါ့ရင်ဘတ်ထဲရှိတဲ့သူတိုင်းကို ငါမြင်နေရတယ်
ဖြစ်နိုင်ရင်တော့ မင်းရဲ့သိပ်ချစ်တတ်တဲ့နှလုံးသားကို
တစ်ရာသီတော့ အငှားချကွာ
ငါလည်း လူငယ်ခြေတက်တစ်ယောက်ပါ
နေဦး "တူတူတူ တူတူတူ" တဲ့
ဖုန်းလာနေပြီ
ကဲ လျှာပေါ်မြက်ပေါက်ရေ
မင်း စင်ပေါ်ကို တက်လိုက်ဦး ...။

ငါ့အလှည့်များရောက်ပါ့မလားလို့ ကွာ
မင်းတို့တွေလဲ ဂေါ်ဖီစားပြီး တော်ကီ ပွားလွန်းအားကြီးတယ်
ဖြေးဖြေးလဲ ဖေါက်ပါ ဆြာတို့ရယ်
အဖျားအနားလေးပဲဖြစ်ဖြစ် ငါလဲလန်းပါရစေကွာ
မင်းလက်ထဲကစီးကရက် ငါ့ကိုပေးဟေ့..
ကဗျာရေးရင် အတွေးတွေက အခိုးအငွေ့လို
လည်မျိုထိတွယ်တွယ်တက်လာရဲ့
အချစ်အကြောင်းကို ကဗျာဖွဲ့မယ်ဆိုပဲ
မလုပ်နဲ့..မလုပ်နဲ့
ဒီကိစ္စတအားနူးညံ့တယ်ဟ။

ငါ့မှာလဲ ငိုခြင်းတစ်ပုဒ်ရဲ့ညွှတ်ကွင်းထဲ
အမုန်းတွေပဲ ခွဲတမ်းကျကျလာတယ်
ကံကြမ္မာကလဲ ငါ့ကျမှ မျက်နှာဖျက်ရိုက်
စားစရာမရှိ လျှော်စရာရှိပေါ့ကွာ
လျှာပေါ်မြက်ပေါက်တောင် ငါဆိုတဲ့ကောင်က ခပ်ပြုံးပြုံးပဲ
မရယ်နဲ့ ငါ့ကောင်တွေရေ..
ကင်မရာ မီးတွေဖျတ်ဖျတ် ဘယ်သူများ အကယ်ဒမီရမလဲ
အားလုံးရင်တလှပ်လှပ်
ငါ့အနားဘယ်သူမှ လာမကပ်နဲ့ လာမကပ်နဲ့
တစ်ကောင်ထဲပဲ
ဒါပေမယ့်ကြွက်စုတ်
ငါ့လက်ကို ၀ိုင်းဆွဲကြပါဦး
ငါ့လက်တွေ ဗဟိုချက်မဲ့နေလို့ကွာ
ခေါင်းထဲက မိုက်ကနဲ ဆို လက်က ရိုက်ပြီးသားပဲ
ဘေးက ဘီယာပုလင်းကလဲ ဖင်ကပ်နေပြီ
အိမ်ရှင်ဘယ်သူလဲဟေ့... ဘယ်ကောင်လဲ
လက်ညှိုးလေးကွေးရုံနဲ့ လူမိုက်ဆိုကွ
ဒီအချိန်မှာ ငါလက်တက်နေတယ်
ငိုင်မနေနဲ့ ငူမနေနဲ့
နိုင်သောသူတစ်ဝိုင်းလုံးသိမ်းတယ်ဆိုတာ
ကြားဖူးရဲ့မဟုတ်လား ။

ဟောဒီမှာ
ငါတို့ကဗျာကို သုံးချောင်းထောက်ထားတယ်
ညာရမှာပျင်းတဲ့ လူသုံးယောက်
ကိုယ့်အရိုးနဲ့ကိုယ်ထောက်ကူ
ဘ၀ကိုကဗျာနဲ့ ဆ,တူရောစပ်ထားခြင်း ဖြစ်တယ်
ကဗျာစီးဝင်လာရာလမ်းကြောင်းအတိုင်း
သံဂဟေ ကြေးဂဟေ အထပ်ထပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ် ပလပ်ခေါင်းထိုးလိုက်ကြတာလည်း ဖြစ်တယ်
မိတ်ဆွေ အလိုက်အထိုက်တော့ မလုပ်ပါနဲ့
ကြိုက်ရင်လဲကြိုက်သလို မကြိုက်ရင်လည်းမကြိုက်သလို
ဆဲပါ.. ဆိုပါ.. ယဉ်ကျေးသိမ်မွေ့ပါ
ဟောဒီကဗျာကပေးလာမဲ့အမွေ ရွှေဖြစ်ပါစေတော့..။ ။

ညိမ်းညို+တင့်ထူးရွှေ+ မျှားပြာ

7 comments:

Anonymous said...

သုံးချောင်းထောက်ကဗျာလေး...
အားလုံးကိုပါသွားတယ်နော် အဟဲ...
စကားလုံးတွေရဲ့ အဓိပ္ပါယ် ကတော့စုံတာပဲနော...
ကြိုက်တယ်ဝေ့.........၊
.ဒီကဗျာလေးကို...ဆက်လက်အားပေးနေပါ၏ ။:)

စိုးထက် - Soe Htet ! said...

ကဗျာ မိုက်တယ် ... ဆက်ရေး ပါ ဗျို့ ... စောင့်ရတာ မောပေါ့ :)

ဆောင်းယွန်းလ said...

ဟောဒီမှာ
ငါတို့ကဗျာကို သုံးချောင်းထောက်ထားတယ်
ညာရမှာပျင်းတဲ့ လူသုံးယောက်
ကိုယ့်အရိုးနဲ့ကိုယ်ထောက်ကူ
ဘ၀ကိုကဗျာနဲ့ ဆ,တူရောစပ်ထားခြင်း ဖြစ်တယ်
ကဗျာစီးဝင်လာရာလမ်းကြောင်းအတိုင်း
သံဂဟေ ကြေးဂဟေ အထပ်ထပ်နဲ့
ကိုယ့်ရင်ဘတ်ကိုယ် ပလပ်ခေါင်းထိုးလိုက်ကြတာလည်း ဖြစ်တယ်
မိတ်ဆွေ အလိုက်အထိုက်တော့ မလုပ်ပါနဲ့
ကြိုက်ရင်လဲကြိုက်သလို မကြိုက်ရင်လည်းမကြိုက်သလို
ဆဲပါ.. ဆိုပါ.. ယဉ်ကျေးသိမ်မွေ့ပါ
ဟောဒီကဗျာကပေးလာမဲ့အမွေ ရွှေဖြစ်ပါစေတော့..။
ပြောင်မြောက်ပါပေ့....ကြိုက်တယ်ဗျို့

tuzzaung said...

အမူးသုံးကောင် အဲလေ အရူးသုံးကောင်တို့ရေ...
သုံးချောင်းထောက်ရာကနေ လေးချောင်းထောက်ပြီး မှောက်နေလောက်ပြီထင်တယ်။

ရေချိန်လွန်နေတဲ့ကဗျာက အမိုက်စားပါလား။
နောက်ဆုံးပိုဒ်ကို အကြိုက်ဆုံးပဲ။

အလိုက်အထိုက်မလုပ်ပါဘူး ရွှေပေးသွားပါတယ်။

ချက်ကြီးကနှင်းဆီခိုင်လားဝေး...။

Layma said...

ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင်ဆိုပါလား...။ အဟွတ်..အဟွတ်...အဟတ်..ဟတ်...။

Anonymous said...

ဘယ်သူက ဘယ်သူဆိုတာ ဖြေရှင်းဦးမှပေါ့ကွယ်း)

Mhu Darye said...

အားပါးပါး...တအားကြီးကို ကြိုက်တယ်။