ကျေးဇူးတင်..................

ကျွန်တော် ဘလော့ဂ်လေးတစ်ခု ရေးချင်နေတာကြာပါပြီ... ကိုယ်တိုင်ကလည်း ကွန်ပျူတာ အကြောင်းကို ဘာမှမသိ သိတတ်သောသူကို မေးရမှာလဲ အားနာနေသည်။ ထို့ကြောင့် မလုပ်ဖြစ်။ယခုတော့ အချိန်တွေက နည်းနည်းပိုနေသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိပဲ ယောင်ချာချာ ဖြစ်နေသော ကျွန်တော် ဘလော့ဂ်ရေးဖို့ ဆုံးဖြတ်လိုက်သည်။ စလုပ်တော့မည်ဆိုတော့ အခက်အခဲတွေ အများကြီးရှိသည်။ဘလော့ဂ်ကို အကောင့်တ် ဖောက်တတ်တာလွဲ၍ ကျန်တာ ဘာမှမလုပ်တတ် စီနီယာဘလော့ဂ်ဂါတွေဆီကနည်းတွေကို လိုက်ဖတ်သည်။ လုပ်ကြည့်သည် သိပ်တော့ အဆင်မပြေ ဘယ်အဆင်ပြေမလဲ ကိုယ်တိုင်က ဘာအခြေခံမှမရှိ ဘာကိုမှလည်း သေချာမသိ ဒီတော့ ထုံးစံအတိုင်း တကောဆီပဲပြေးရသည်။တန်းပလိတ်တွေကိုပြင်ခိုင်းရသည်။ ဘယ်နေရာမှာ ဘာလုပ်ရမည်ဆိုတာကို လိုက်မှတ်ရသည်။ တကော၏ တန်းပလိတ်အကြမ်းကို ကြည့်၍ ကိုယ့်တန်းပလိတ်ကို ပြင်ကြည့်သည်။ အရမ်းတော်သော ကျွန်တော် နဂိုရှိရင်းစွဲ တန်းပလိတ်ပါပျက်၍ အသစ်ပြန်လုပ်ရသည်။ နောက်တော့ အဆင်ပြေသွားသည်။ ဒါလဲ တကောမှ အစအဆုံး လိုက်လုပ်ပေး၍သာ။ အခုတော့ ကျွန်တော့ ဘလော့ဂ်လေး ဖြစ်မြောက်သွားပါပြီ။ သူငယ်ချင်းတွေ၊ ဘလော့ဂ်ရေးနည်းများကို တင်ထားပေးသော ဘလော့ဂ်ဂါများ၊ ကွန်ပျူတာအကြောင်းကို ကွန်ပျူတာ ဆိုသော စာလုံးသုံးလုံးမှ လွဲ၍ ကျန်တာကို မသိသော ကျွန်တော့ကို ယခုလို ဘာဆိုဘာမှ မသိသောအခြေအနေတစ်ခုသို့ ရောက်ရှိအောင် ပြောပြပေးသော၊ ဘီယာသောက်ချင်ရင် တိုက်ပါဦးဟု တိုက်ချင်မှန်းမသိ မတိုက်ချင်မှန်းမသိ အလိုက်ကန်းဆိုးမသိဇွတ်ပြောပြီး တိုက်ခိုင်းနေကြဖြစ်သော ကျွန်တော့်တို့ကို ဘီယာအမြဲတိုက်သော တကော ခွန်မောင် အား အထူးကျေးဇူးတင်ရှိပါကြောင်း....။

No comments: