ဆောင်း ဆောင်း ဆောင်း ........ လေးမ Tag ထားတာကြာပါပြီ ဒါပေမယ့် ကျွန်တော် ကျောင်းတတ်နေရတာရော မအားတာေ၇ာ အားလုံးပေါင်းစုံပြီး ဘာကိုမှ မလုပ်ဖြစ်သေးဘူး ဖြစ်နေတယ် လိမ်လည်တာလဲ မဟုတ်ပါဘူး အယောင်ပြတာလဲ မဟုတ်ပါဘူး။ တကယ်ကို မအားသေးလို့ပါ။ အခုတော့ အားချင်ယောင်ဆောင်ပြီး ကျွန်တော့်အတွက် အမှတ်တရတွေဖြစ်စေတဲ့ ဆောင်းကို ခံစားလိုက်တော့ ..........
အဲဒီဆောင်းပေါ့ ...
အနီရောင်ဆွယ်တာလေးနဲ့
ငါ့ရဲ့ ပါရမီဖြည့်ဘက်လေးကို စတွေ့ ခဲ့တာ
ငါ မှတ်မိနေတယ်
ငါ 'ချစ်တယ်' လို့ပြောတော့
သူ့ရဲ့ ပါးပြင်လေးတွေ နီရဲသွားတာ
သူ့ကြောင့် ငါကဗျာတွေရေးတတ်ခဲ့တာ
သူရဲ့ မျက်ရည်တွေကို တယုတယ သုတ်ပေးခဲ့တာ
ငါ့ရဲ့ ဘ၀ကို သာယာနွေးထွေးစေခဲ့တာ
အဲဒီဆောင်းပေါ့ ...........။
ဆောင်းတွင်းမနက်တွေမှာ ကျွန်တော့်ရဲ့ အချစ်ဆုံးလာမယ့်လမ်းက ကြိုစောင့်နေရတာလဲ ကျွန်တော့်အတွက် ရင်ခုန်မှုတွေကို အေးမြစေခဲ့တာပါ။ သူလာမယ့်လမ်းကို သစ်ပင်အောက်က ဆေးလိပ်ဖွာပြီး မျှော်နေတတ်တဲ့ ကျွန်တော်၊ သူပြန်သွားတဲ့ အခါလည်း နောက်ကနေ လိုက်နေတတ်သူပါ။ ဆောင်းညတွေ ဘယ်လိုပဲ အေးစက်ပါတယ်ပြောပြော သူရဲ့ အခန်းလေးကို မရောက်ရောက်အောင် သွားပြီး သူ့ရဲ့ အရိပ်လေးကို မြင်ရမှ နေတတ်ခဲ့တဲ့ ကျွန်တော်ပါ။ ကျွန်တော်ရောက်ရှိခဲ့ကြောင်း သူ့ အခန်းပြတင်းပေါက်ကို ကျောက်ခဲလေးတွေနဲ့ ပေါက်ပြီး ပြောပြတတ်ခဲ့တာပါ။ချမ်းအေးတဲ့ ဆောင်းမနက်ခင်းတွေမှာ သူ့ရဲ့နွေးထွေးတဲ့ လက်တွေကိုဆုပ်ကိုင်ပြီး လမ်းတွေအတူတူလျှောက်ခဲ့တာလည်း ကျွန်တော့်အတွက်တော့ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတွေပေါ့။
အဲဒီဆောင်းပေါ့ ...
'ချစ်သူ' ငါ့ဘ၀ထဲက ထွက်ခွာသွားခဲ့တာ
'မေ့လိုက်ပါတော့' စကားတစ်ခွန်းနဲ့
ငါ့နှလုံးသွေးတွေ အေးခဲ ငါ့နှုတ်တွေ ဆွံ့ အခဲ့တာ
ခါးသီးလွန်းတဲ့ ဝေဒနာကို သေမတတ်ခံစားခဲ့ရတာ
ပူပြင်းခါးသက်တဲ့ အရည်တွေနဲ့
ငါ့နှလုံးသားဒဏ်ရာတွေကို ဆေးကြော
ငါ့ဘ၀ကို နှစ်မြှပ်ခဲ့တာ
အဲဒီဆောင်းပေါ့...........။
အေးစက်ခြောက်သွေ့ နေတဲ့ ဆောင်းတွင်းတစ်ညနေမှာ ကျွန်တော့်ကို ထားခဲ့ပြီး ထွက်သွားတဲ့ ချစ်သူရဲ့ပုံရိပ်ကို အခုထိမြင်ယောင်နေတုန်းပါ။ ယောင်ချာချာနဲ့ လမ်းဘေးတစ်နေရာမှာ ရပ်နေမိခဲ့တဲ့ ကျွန်တော့်ကို ဘယ်သူမှ တစ်ချက်လေးတောင် ငဲ့စောင်းမကြည့်ကြပါဘူး။ အဲဒီအချိန်ကစလို့ သူရာရည်တွေနဲ့ ရင်းနှီးမှုအတိုင်းအတာ မြင့်တတ်ခဲ့တာ.. စွတ်စိုနေတဲ့ ဆောင်းညရဲ့ မြက်ခင်းတွေပေါ် အဖော်မဲ့ အိပ်စက်ခဲ့ဘူးတာ... ပူလောင်လွန်းလှတဲ့ ရင်ဘတ်ထဲကဒဏ်ရာကို ဘယ်လိုအရာတွေနဲ့မှ ကုစားလို့ မရခဲ့ဘူးဆိုတာ .. ဆောင်းညတွေ သက်သေပေါ့။
အဲဒီဆောင်းပေါ့
ငါ့ဘ၀ကို အပြီးတိုင်မြေမြှပ်လိုက်တာ
အေးစက်ခြောက်သွေ့ တဲ့ နေ့တွေ
တိတ်ဆိတ်မှောင်မဲတဲ့ ညတွေ
အရာရာအားလုံး မှုန်ဝါး........
ငါ့မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့တာ
အဲဒီဆောင်းပေါ့ ....။ ။
................................................................................................................................................................................................
.................................................................................................................................................................................................
...............................................................................................................................................................................................
ကျွန်တော်ဟာ ကောင်းကင်ကြီးထဲက လွတ်လပ်စွာ ၀ဲပျံနေတဲ့ ဌက်တစ်ကောင်ဖြစ်ချင်ခဲ့သူပါ။ ဒါပေမယ့် ... အခုတော့ ပင့်ကူအိမ်ထဲက ပင့်ကူတစ်ကောင်လို ..............။
ဒီပိုစ့်လေးကတော့ ကျွန်တော်ရဲ့ ဟိုးငယ်ငယ်က ရင်ခုန်သံတွေဝုန်းဒိုင်းကြဲတတ်တဲ့အရွယ် ကျောင်းသားဘ၀ကို ပြန်ပြီးအမှတ်ရစေပါတယ်။ ဆရာမစာသင်နေရင် ကောင်မလေးတွေအတန်းဘက်ကို ခိုးခိုးကြည့်ပြီး ကဗျာတွေ၊စာတွေ ရေးခဲ့တဲ့ ဘ၀ပေါ့...။ အခုလဲ ဆရာစာသင်နေတုန်း လက်ချာမလိုက်ပဲ ခပ်တည်တည်နဲ့ ကိုယ်ရေးချင်တာတွေ ရေးလိုက်တာ ... ဆရာကတော့ ထင်မှာပဲ ခေါင်းတောင်မော်မကြည့်ပဲ စာတွေလိုက်ရေးနေတယ်ပေါ့ ဟတ် ဟတ် ဟတ် ..။ ဆောင်းအကြောင်းကို ဆက်ပြီး ရင်ခုန်စေချင်သောသူများကတော့
(၁) ကမ္ဘာအမြင့်ဆုံးတောင်ပေါ်ကိုတတ်ပြီး နေပူစာလှုံချင်ပါတယ်ဆိုတဲ့ ကိုခွန်မောင်
(၂) ချစ်သူက ဆံပင်အရှည်ထားနေပြီဆိုလို့  ပျော်နေတဲ့ ကိုမိုးစက်
(၃) ဘ၀ကို အေးဆေးလေးပဲ ဖြတ်သန်းချင်တယ်ဆိုတဲ့ ကိုသင်္ကြန်
(၄) အနီရောင်နှင်းဆီကိုမှ ကြိုက်ပါတယ်ဆိုတဲ့ မနှင်းဆီနီနီ
ကျေးဇူးပြုပြီး ဆောင်းကိုရင်ခုန်ပေးကြပါလား ...။
ဒါနဲ့ စကားမစပ် မြန်မာအမျိုးသမီးဘောလုံးအသင်းက အရှေ့တောင်အာရှချန်ပီယံ ဖြစ်သွားပြီဗျ....။ ။