ကျွန်တော်နေတဲ့မြို့ 
(အဲဒီနေရာဟာ လွန်ခဲ့တဲ့လများဆီက မိုင်းတွေတ၀ုန်းဝုန်းကွဲပြီး
ရထားတွေ ခဏခဏမှောက်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ လွန်ခဲ့တဲ့လများဆီက ပစ်သံခတ်သံတွေနဲ့
ကျီးလန့်စာစား အိပ်မရတဲ့ညတွေနဲ့ လုံးထွေးနေတဲ့နေရာဖြစ်တယ်။)
အဲဒီနေရာဟာ တောင်တန်းတွေဝိုင်းပြီး
ခြေကျင်းဝတ်လောက်သာမြှပ်တဲ့ ချောင်းကလေးတွေစီးဆင်းတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ချောင်းတွေက ပြောင်းပြန်စီးပြီး
လူတွေက စောက်ထိုးတွေပြောတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ကုလားနဲ့တရုတ်တွေက မြို့ လည်မှာနေပြီး
တိုင်းရင်းသားတွေက မြို့ စွန်မှာနေတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာမှာ အပေါဆုံးက အရက်ဆိုင်နဲ့ ခေါက်ဆွဲဆိုင် ဖြစ်တယ်။
အဲဒီနေရာဟာ တအားချစ်စရာကောင်းတဲ့ ကချင်မလေးတွေရှိပြီး
အရမ်းရိုးတဲ့ ရှမ်းဗမာမလေးတွေနေတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဘုန်းကြီးကျောင်းတွေက ဟည်းထနေပြီး
လူနေအိမ်တွေက စုတ်ခြာတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ယောင်္ကျားတွေက မှော်ထဲတက်ပြီး
မိန်းမတွေက လယ်လုပ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ သီတင်းကျွတ်ကစလို့ တန်ခူးအထိ
ဘုရားပွဲတွေ အလှူပွဲတွေမပြတ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အရမ်းကို ချစ်စရာကောင်းတဲ့
ထမင်းပေါင်းပွဲတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ မိုးညှင်းသတိုးရဲ့နေပြည်တော်ဖြစ်ပြီး
သိုဟန်ဘွားရဲ့ အပိုင်စားရာ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အရမ်းရိုးတဲ့ လူလည်တွေနဲ့
အရမ်းကို မျက်နှာချိုတဲ့ လူမိုက်တွေရှိတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဆင်ခေါင်းတောင်ကြီးပျောက်သွားရင်
မိုးတွေသည်းသည်းမဲမဲ ရွာတဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ဆရာသော်တာဆွေနဲ့ မသူတို့
ချစ်ရည်လူးခဲ့တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ စာရွက်နဲ့ဘောပင်ရှိရင်
တွေ့ရာလူကို တိုင်တဲ့ နေရာဖြစ်တယ်။
အဲဒီနေရာဟာ ကေတီဗွီမရှိ၊ စင်တင်မရှိ
အနှိပ်ခန်းမရှိ ဘာမရှိ ဘာမရှိ နေရာဖြစ်တယ်။
အဲဒီနေရာဟာ အဲဒီနေရာဟာ
အဲဒီနေရာဟာ ……………………………………
တောင်က မြောက်ကို ပြောင်းပြန်စီးတဲ့ နန့်ရင်းချောင်းဟာ
နေ့နေ့ညည တစ်မြို့ လုံးကို ပတ်ခွေရစ်နေလေရဲ့။
ကျွန်တော်နေတဲ့မြို့ 
ဘလော့ ဘလော့ ဘလော့
ဒီနေ့ပဲစက်တင်ဘာ ၂ ရက်ရှိပြီ .... ဘလော့ဒေးက သြဂုတ် ၃၁ ... ဘလော့ဒေးမှာ ဘလော့အကြောင်းရေးဖို့ ကိုရန်အောင်က သူ့ပိုစ်ကိုဖတ်မိသူတိုင်းကို တိုက်တွန်းသည်.။မလေးအိမ့်ချမ်းမြေ့ကလည်း ကျွန်တော့်ကို ရေးပါတဲ့။ ဘလော့အကြောင်းကို ဘာရေးရမလဲစဉ်းစားရင်း အရင်က ဘလော့လောကအကြောင်းတွေ ခေါင်းတွေမှာ တန်းစီပြီး ပေါ်လာသည်။ အဲဒီမှာတင် ဘလော့အကြောင်းမရေးမိတော့ပဲ အတွေးများက အမျှင်တန်းသွားပြီး အတိတ်ဆီကို ရောက်သွားပြီ....။ ခက်တော့လည်း ခက်သည်.... လူဆိုတာ မတွေးမိရင်လည်း စိတ်ထဲမှာအဲဒီလောက်ကြီး မဖြစ်၊ တွေးမိပြန်တော့လည်း အဆုံးအစမရှိဖြစ်သွားပြန်သည်။ အရင်တုန်းက စွဲလမ်းမိသမျှ ဘလော့ဂါတွေ၏အကြောင်းကို သိချင်လာသည်။ သိချင်လာသောစိတ်ကို မတားတော့ပဲ လွှတ်ပေးမိတော့ ဘလော့တွေကို လိုက်လှန်မိသွားပြန်သည်။ ကြည့်မိသမျှ ဘလော့ဂါတော်တော်များများက ဘလော့နဲ့ ကင်းကွာနေကြပြီ..... အချို့ဆို ဘလော့တွေကို ပိတ်တောင်ထားသည်..။ ၀မ်းနည်းတဲ့စိတ်ကို ထိမ်းမရတော့ .... အဲဒါနဲ့ပဲ ဘလော့ဒေးပို့စ်ကို ရေးဖို့နေနေသာသာ အိပ်မရတဲ့ညတွေသာ ရင်ဘတ်ထဲရောက်လာခဲ့သည်။
တစ်ချိန်က ဘလော့ကို အရူးအမူးစွဲလန်းခဲ့သူများတွင် ကျွန်တော်လည်း အပါအ၀င်ဖြစ်သည်..။ ဘလော့ဖတ်ဖို့၊ ဘလော့ရေးဖို့ဆိုရင် နေ့မအိပ် ညမအိပ်၊ အချိန်တိုင်းခေါင်းထဲမှာဘလော့ ဘလော့နဲ့ ဖြစ်ဘူးခဲ့သည်.။ အကြောင်းကြောင်းတွေကြောင့် ဘလော့နဲ့ ကင်းကွာခဲ့သော်လည်း ကိုယ့်ရဲ့မသိစိတ်ရော သိစိတ်မှာပါ အမြဲတမ်း သတိရနေမိသည်.။ ကြုံ့တိုင်းဆုံတိုင်း အွန်လိုင်းပေါ်ရောက်တိုင်း ဘလော့တွေကို အရင်ကြည့်မိသည်.။ ဘယ်လိုပဲ ကျော်ရ ခွရ ..ဘယ်လိုပဲ တက်လိုက် ကျလိုက်ဖြစ်ဖြစ် အပြာဝိုင်းလေးလည်နေတာကို ထိုင်ကြည့်ရင်းဘလော့လေးများ ပွင့်လာလေမလား ဆိုပြီး အချိန်တွေကုန်သွားတဲ့ရက်တွေလည်း မနည်းတော့။ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ရေးသူတစ်ယောက်အနေနဲ့ ဘလော့တွေကို တမ်းတမိတာတော့ အမှန်ပင်။ ဘလော့အကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော် ဒီပို့စ်ကို ကိုပီကေတက်ဂ်လို့ရေးဘူးသည်.။ အဲဒီအချိန်က ဘလော့ဂါတွေ တော်တော်များများ ရေးအားသွက်နေချိန်ဖြစ်သည်.။ စာတွေဖတ်လိုက်၊ ကွန့်မန့်တွေရေးလိုက် ဆီဗုံးမှာ နောက်လိုက်
ပြောင်လိုက်နဲ့ အတော်ကြီးကို ပျော်စရာကောင်းခဲ့သော ကာလတစ်ခုဖြစ်သည်.။ ဒီလိုနဲ့ပဲ ရေးလိုက် ဖတ်လိုက် တက်ဂ်လိုက် စလိုက် နောက်လိုက်နဲ့ ကျွန်တော်လည်း ဘလော့တွေနဲ့ ကင်းကွာသွားခဲ့ပါတယ်။
အခုအခြေအနေလေးပေးတုန်း ဘလော့ကိုပြန်ရေးမယ်လို့ စိတ်ကူးလိုက်တဲ့အခါ ဘလော့ဒေးနဲ့တောင် နီးနေပြီ။ MBS ကလည်း မြန်မာဘလော့ဂါဖိုရမ်ကို ကျင်းပတော့မယ်......။ဟိုးအရင် မြန်မာဘလော့ဂါတွေ ပထမဆုံးကျင်းပတဲ့ ဘလော့ဒေးကိုပြန်သတိရမိတယ် ... အဲဒီတုန်းက ရန်ကုန်ကဘလော့ဂါတွေက ဘလော့ဒေးအစီအစဉ်တွေကို အချိန်နဲ့အမျှတင် ... ပြည်ပက ဘလော့ဂါတွေက ကွန့်မန့်တွေရေးလိုက် ဆီဗုံးမှာ အော်လိုက်နဲ့ တော်တော်ကို ပျော်စရာကောင်းသော ဘလော့နေ့လေးဖြစ်သည်.။ ဘလော့အကြောင်းကိုရေးမယ်ဆိုရင် တော်တော်လေးကို အမှတ်ရစရာတွေများသလို ရေးရင်လည်း ဆုံးမယ်မထင် ...။ ရေးချင်တာတွေများနေတော့ တကယ်တမ်းရေးမယ်ဆိုရင် အများကြီးဖြစ်သွားနိုင်သည် ... ဒီတော့ ဒီမှာတင်ဘဲ ရပ်လိုက်တော့မည်........။ ဘလော့တွေထဲမှာ အသိပညာပေးသူတွေ၊ သုတရသပေးသူတွေ၊ ပျော်ရွှင်မှုကို မျှဝေသူတွေ၊ နည်းပညာတွေရေးသားသူတွေ၊ ဘလော့ဂါတွေ ဘလော့ရေး
သူတွေ အများကြီးရှိသလို၊ နောက်လည်းအများကြီးရှိနေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ် ...။ ကျွန်တော်တို့ မြန်မာဘလော့လောကကြီး တိုးတက်ပြီး ပျော်ရွှင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ခင်ဗျာ .... အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေ။
၅ နှစ်ကြာပြီးနောက်
ကျွန်တော့်ဘလော့ဂ်ကို မရေးဖြစ်တာ ငါးနှစ်တောင်ကျော်နေပြီရော .... ပြန်တွေးကြည့်ရင် မနေ့တစ်နေ့ကလိုပဲ အဖြစ်အပျက်တွေက ရင်ဘတ်ထဲကို တန်းစီပြီးရောက်လာလိုက်တာ ..ဘလော့ဂါတွေ၊ဘလော့ရေးသူတွေ၊ ဘလော့ဖတ်သူတွေ အားလုံးအားလုံးကို ပြန်သတိရမိပါတယ်။ အရင်ကသိခဲ့ဘူးတဲ့၊ခင်မင်ခဲ့ဘူးတဲ့ ဘလော့ဂ်တွေကို သွားကြည့်လိုက်တော့ ပိတ်တဲ့သူကပိတ်၊မရေးတဲ့သူတွေက မရေးတော့နဲ့ ၀မ်းနည်းစရာကောင်းလိုက်တာ။ အေးလေ ကိုယ်တောင်မှ ဘလော့မရေးတာ နှစ်ချီပြီးတောင် ကြာနေပြီဆိုတော့ ကျန်တဲ့သူတွေလည်း အကြောင်းကြောင်းနဲ့မရေးဖြစ်တော့တာ မဆန်းပါဘူး.။ ဘာပဲဖြစ်ဖြစ်ပါလေ ကျွန်တော်ကတော့ အားလုံးကို သတိရပါတယ် ....။ ဒီဘလော့ဂ်လေးကိုလည်း အခြေအနေပေးရင် ပေးသလို ကျွန်တော်ကတော့ဆက်ရေးနေမှာပါ.။ ဘလော့ရေးခဲ့သူတွေ၊ ဘလော့ရေးနေဆဲသူတွေ၊ ဘလော့ရေးမယ့်သူတွေ အားလုံး ငြိမ်းချမ်း၊အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ .....။