ဘလော့ဆိုတာနဲ့ ဘလော့ဂါတိုင်း၊ ဘလော့ရေးတဲ့သူတိုင်း၊ ဘလော့တွေကို ပုံမှန်ဖတ်နေတဲ့သူတိုင်း ပုံမှန်ထက်တော့ သွေးခုန်နှုန်းတွေမြန်သွားကြမယ်ထင်တယ်။ သေချာတာတော့ ကိုယ်ပိုင်ဘလော့ရှိတဲ့သူတိုင်း ဘလော့သံကြားတာနဲ့ ဘယ်လောက်ပဲအလုပ်တွေရှုပ်နေပါစေ နည်းနည်းတော့နားစွင့်လိုက်ကြမှာပါ။ ဘလော့ရေးမိပြီဆိုထဲက သွားလဲ ဒီစိတ်၊ စားလည်း ဒီစိတ်ဆိုတာကို ဘလော့ဂါတိုင်းဖြစ်ဘူးပါတယ် အနည်းနဲ့အများပဲကွာမယ်။ နေ့စဉ်ကြုံတွေ့ ရင်ဆိုင်နေရတဲ့ လက်တွေ့ ဘ၀ထဲကနေ ဘလော့ထဲကိုရောက်သွားလိုက်ပြီဆိုရင် ဘ၀အမောတွေအနည်းငယ်တော့ လျှော့သွားတယ်။ အဲဒီလောက်ထိကို ဘလော့တွေက ဘလော့ဂါတစ်ယောက်ရဲ့စိတ်ကို လွှမ်းမိုးနိုင်ပါတယ်။ ဘလော့တွေဘယ်လိုစဖြစ်လာတယ်ဆိုတာကိုတော့ တော်တော်များများရေးကြပါတယ်။ ဘလော့၊ဘလော့ဂါ၊ဘလော့ဂင်းအကြောင်းကိုတော့ ဒီမှာဖတ်ကြည့်နိုင်ပါတယ်။ ဘလော့ဂါအက်သစ်များအကြောင်းကိုတော့ ဒီမှာဖတ်လို့ရပါတယ်။ ဒါတွေကကျွန်တော်မှတ်မိသလောက်၊ လက်လှမ်းမီသလောက်ပါ (ဘလော့နှင့်ပတ်သတ်သော အကြောင်းအရာများကိုရေးသားသူများရှိပါသေးသည်)။ ကဲ ဒါတွေခဏထားဗျာ ကျွန်တော့်ကို ကိုပီကေက ကျွန်တော့်နှင့်ဘလော့ဆိုပြီး ရေးဖို့ တက်ပါတယ်။ ဒီလိုအကြောင်းအရာလေးတွေကို တက်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွေကို စတင်ထိတွေ့ ခဲ့တဲ့အကြောင်းကတော့ ဒီလိုပါ။
၂၀၀၆ အောက်တိုဘာလောက်ကစပြီး ဘလော့တွေကိုစသိပါတယ်။ ကျွန်တော်အမြဲတမ်းသွားသွား ဒုက္ခပေးနေတဲ့ အစ်ကိုကြီး ကိုခွန်မောင်ဆီရောက်သွားတဲ့အချိန်မှာ ပထမဆုံး မနိုင်းနိုင်းစနေရဲ့ ဘလော့ကိုစတွေ့ ပါတယ်။ မနိုင်းနိုင်းရဲ့ အသက်သာကြီး၏ သို့သော်ကျွန်မမရင့်ကျက်သေးပါ ... ... ... ဆိုသောစကားစုလေးကို ကျွန်တော်သဘောကျသွားသည်( အရင်က ဘန်နာမှာတင်ထားပါတယ်၊ ခုတော့ အောက်ဆုံးမှာပါ) အဲဒါနဲ့ပဲ ရှိသမျှစာတွေအကုန်လုံးကို ဖတ်မိသွားပါတယ်။ နောက်တော့ တဆင့်တဆင့်နဲ့ ကိုမောင်လှ၊ကိုညီလင်းဆက်၊ကိုချမ်းမြစိုးတို့ဆီ ရောက်သွားပါတယ်။ ကိုချမ်းမြစိုးနဲ့ ကိုမင်းကျော်တို့ဆီကိုတော့ ခဏ ခဏရောက်ပါတယ်။ ကွန်ပြူတာနည်းပညာတွေကို သွားသွားလေ့လာတာပါ။ အဲဒီအချိန်တုန်းက ဘလော့တွေကို အမြဲတမ်းလိုလိုတော့ မဖတ်သေးပါဘူး။ ဘလော့အရေအတွက်နည်းတာရယ်၊ အမြဲတမ်းအသစ်တင်တဲ့ ဘလော့လဲနည်းပါတယ်။ ပြီးတော့ အဲဒီအချိန်တွေတုန်းက ဖိုရမ်တွေ ခေတ်စားနေတာဆိုတော့ ဖိုရမ်တွေဆီပဲ ရောက်တာများတယ်။ အဲဒီတုန်းက ဖိုရမ်တွေမှာ လူတွေများပြီး တော့ပစ်တွေကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုတော့ ဘလော့ရေးတဲ့သူတွေပဲ များလာပါတယ်။
၂၀၀၇ ထဲရောက်လာတော့ ဘလော့ဂါတွေများလာပါတယ်။ နှစ်စပိုင်းတော့ ကိုကလိုစေးထူးနဲ့ မလင်းလက်ကြယ်စင်တို့ဆီလောက်ပဲ ဖတ်ဖြစ်သေးတယ်။ နောက်တော့လင်ခ့်တွေကနေတဆင့် ဟိုရောက်ဒီရောက်ပဲဆိုပါတော့။ အဲဒီအထိတော့ ဘလော့ရေးဖို့စိတ်မပါသေးပါဘူး။ ကိုယ်လုပ်ချင်တာလေးတွေကိုပဲ လုပ်နေမိသေးတယ်။ နောက်တော့ ကိုခွန်မောင်က ဘလော့စရေးပါတယ်။ အစ်ကိုကြီးဘလော့ကို နေ့တိုင်းဝင်ဖတ်ဖြစ်တာကနေ ဘလော့တွေကိုစိတ်ဝင်စားမှုများလာပါတယ်။ အချို့ ဘလော့တွေမှာတိုက်ကြ၊ ခိုက်ကြ၊ ဝေဖန်ကြနဲ့ ဘလော့ရေးသူရော၊ ဖတ်သူပါများလာပါတယ်။ နောက်ဆီဗုံးယဉ်ကျေးမှုလေးတွေကနေ ဘလော့ဂါအချင်းချင်း စကြ နောက်ကြနဲ့ ကိုယ်တိုင်လည်း ဘလော့ဂါတွေကို ချစ်တတ်လာတယ်။ ဆီဗုံးတွေကနေ ကွန့်မန့်တွေကနေ ဘလော့ဂါအချင်းချင်းစိတ်ဝမ်းကွဲအောင်လုပ်တဲ့ မသမာသူတွေကိုမြင်တော့ ၀င်ပြီးစိတ်တိုတတ်လာတယ်။ တနေ့တနေ့ ပြောတဲ့စကားလုံးတွေရဲ့ခေါင်းစဉ်အောက်မှာ ဘလော့ဆိုတဲ့ခေါင်းစဉ်တစ်ခုတိုးလာတယ်။ ကိုယ်တိုင်ဘလော့ရေးချင်လာပေမယ့် အချိန်ကမပေးနိုင်သေးတော့ သူများဘလော့တွေကိုပဲ လိုက်ဖတ်ပြီး စိတ်ဖြေရတယ်။
နွေရာသီရောက်လာတော့ ကျွန်တော်အချိန်တွေပိုလာပြီ။ အဲဒီတော့ ဘလော့စရေးပါတယ်။ ထုံးစံအတိုင်း ကိုခွန်မောင်ဆီပဲပြေးပြီးလိုအပ်တာတွေ မေးမြန်းနဲ့ ဘလော့လေးတစ်ခုရုပ်လုံးပေါ်လာပါတယ်။ နောက်တော့ ဘလော့ဆရာကြီးတွေဆီပြေးပြီး လိုအပ်တာလေးတွေ ဖတ်မှတ်လေ့လာ သင်ယူပေါ့ဗျာ။ အဲဒီအချိန်ကစလို့ ကျွန်တော့်နှလုံးသားနယ်မြေလေးတစ်ခုကို ပိုင်ဆိုင်လာပါတယ်။ ကျောင်းကလည်း ပိတ်ထားတယ်ဆိုတော့ နေ့အိပ် ညပျော် လုပ်လို့ကကောင်း၊ ဘလော့တွေလိုက်ဖတ် ကိုယ်သိသလောက် တတ်သလောက် စာတွေ၊ကဗျာတွေရေးနဲ့ ဘလော့ရေစီးကြောင်းထဲမှာ ပျော်ပျော်ကြီးစီးမျောနေခဲ့တာပေါ့။ အသိပညာ၊ အတတ်ပညာတွေ၊ ရယ်စရာ မောစရာတွေနဲ့ သုတရော ရသပါစုံလင်တဲ့ ကျွန်တော့်ရဲ့ နှလုံးသားနယ်မြေလေးက တော်တော်လေးကို စည်းစည်းရုံးရုံးနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ မသမာသူတွေက အမျိုးမျိုးစိတ်ဝမ်းကွဲအောင် လုပ်နေကြတာတောင် ဘလော့စီမီနာတွေလုပ်ပြီး မြန်မာဘလော့ဂါတွေရဲ့ အထိမ်းအမှတ်တစ်ခုကို လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ ပျော်ရွှင်စရာကောင်းလှတဲ့ မြန်မာဘလော့လောကကြီးဟာ နောက်တော့ ... ... ...
ကံကြမ္မာအလှည့်အပြောင်းကြောင့် ဘလော့လောကဟာ ပျော်ရွှင်စရာတွေ ဆိတ်သုဉ်းသွားတယ်။ ဒေါသတွေ၊ မကျေနပ်မှုတွေ၊ နာကျည်းခံပြင်းတာတွေအစားထိုးဝင်ရောက်လာတယ်။ အဲဒီအချိန်ဘလော့တွေမှာ အကြောင်းအရာတခုကလွဲလို့ ဘာဆိုဘာမှမရှိတဲ့ အချိန်ပါ။ ဘလော့ဂါအတော်များများလဲ အကြောင်းအမျိုးမျိုးကြောင့် ဘလော့မရေးနိုင်ကြတော့ဘူး။ ရေးနိုင်သေးတဲ့ ဘလော့ဂါတွေကလည်း ၀မ်းနည်းကြေကွဲတဲ့စိတ်တွေနဲ့ မရေးဖြစ်ကြဘူး။ အခြေအနေနည်းနည်းငြိမ်သက်သလိုဖြစ်နေတဲ့အချိန်မှာတော့ ဘလော့ဂါဒေါ့ကွန်းကို အဘန်းခံလိုက်ရတယ်။ အဲဒီမှာပဲ အချို့ ဘလော့ဂါတွေလည်း လုံးဝပျောက်တဲ့သူကပျောက်၊ပေါ်လိုက်ပျောက်လိုက်ဖြစ်တဲ့သူတွေကဖြစ်၊ ဟိုပြောင်း ဒီရွေှ့ကြနဲ့ တော်တော်လေးကို ဒုက္ခရောက်သွားပါတယ်။ ကိုယ့်ဘလော့ကို ချစ်ပေမယ့်လည်း အခြေအနေတွေကြောင့် အဝေးကနေပဲ လွမ်းနေရတဲ့ဘလော့ဂါတွေလည်း အများကြီးရှိသွားပါတယ်။
အခုတော့ တတ်ကျွမ်းနားလည်တဲ့ဘလော့ဂါတွေကြောင့် ဘလော့တွေကို ပြန်ရေးလို့ရနေပြီဆိုပေမယ် စိတ်ရှိတိုင်းတော့ မဟုတ်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ကိုချစ်တဲ့ဘလော့ဂါများကတော့ ဘယ်လိုတွေအခက်အခဲရှိရှိရအောင်ရေးနေကြတာပါ။ ဘလော့ရေးတဲ့အတွက်ကြောင့် အချိန်ကုန်၊ငွေကုန်၊လူပင်ပန်းနဲ့ ဘာမှမရသော်လည်း ဘလော့ဂါအချင်းချင်း ရင်းနှီးနှစ်လိုဖွယ်ကောင်းသောနူတ်ဆက်သံလေးတွေ၊ တစ်ဦးနဲ့ တစ်ဦးအားပေးကူညီမှုလေးတွေ၊ မျှဝေခံစားပေးခြင်းတွေကြောင့်သာ ဘလော့ဂါတွေဟာ ဘလော့လောကကြီးကို ဖက်တွယ်ထားတာ ဖြစ်ပါတယ်။
အခုနောက်ပိုင်းဆိုရင် ဘလော့ရေးသူအရေအတွက်ဟာ လိုက်ဖတ်လို့မရနိုင်အောင်ကို များပြားလာပါတယ်။ရေးသားတဲ့အကြောင်းအရာတွေလည်း စုံလင်သထက်ကို စုံလင်လာပါပြီ။ ကိုယ်နိုင်သလောက် ကဗျာတွေ စာတွေရေးတဲ့ ဘလော့တွေများလာသလို့ ယုံကြည်မှုတစ်ခုအတွက် ရေးလာတဲ့ ဘလော့တွေလည်း အများကြီးဖြစ်လာပါပြီ။ အခြေအနေတစ်ခုကို ရောက်ရှိအောင် ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသလောက် အားသွန်ခွန်စိုက်ရေးနေကြတဲ့သူတွေများသလို ဘာမဟုတ် ညာမဟုတ် ဟိုလိုလို ဒီလိုလိုလူတွေလည်း များလာပါပြီ။ ငါထင်တာအမှန်၊ ငါလုပ်တာအမှန်ဆိုပြီး စူးစမ်းဆင်ခြင်မှုတွေ မရှိတော့ပဲ ပုဂ္ဂိုလ်ရေးတွေပါ ပါလာတဲ့အခါကြတော့ တဖြည်းဖြည်းနဲ့ ဘလော့လောကကြီးဟာ ညစ်နွမ်းလာသလိုပါ။ မျှမျှတတတွေးခေါ်တတ်သူတွေက ဒါကတော့ ဒီလိုဖြစ်နိုင်တယ်၊ ဒါကတော့ ဒီလိုဆိုရင် ပိုကောင်းမယ်လို့ အပြုသဘောဆောင်ပြီး ဆွေးနွေးပေးသလောက် မျက်ကန်းများကလည်း လုပ်ချင်တာတွေ စွတ်ရွတ်လုပ်နေတုန်းပါပဲ။ ယုံကြည်ချက်ကို အရင်းခံပြီး စေတနာရှေ့ထားလို့ အနုပညာမြောက်အောင်ရေးသားတဲ့ ဘလော့ဂါတွေ အများကြီးရှိပါတယ်။ဒီလိုဘလော့ဂါကောင်းတွေရဲ့စာတွေကို ဖတ်ကြည့်လိုက်တာနဲ့ သူတို့ရဲ့ စာတစ်ကြောင်းတိုင်းဟာ ရင်ဘတ်ထဲကိုရောက်ရောက်သွားပြီး အားအင်တွေတိုးတိုးလာပြီး ကိုယ်ကိုယ်တိုင် ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်လာပါတယ်။
အဲဒီလို တခြားတဖက်မှာလည်း ဘယ်သူအတွက်မှလည်း အကျိုးမရှိ၊ ဘာမှလည်း အရည်မရ အဖတ်မရ ကချော်ကချွတ်စာတွေကို ရေးနေတဲ့ ဘလော့ရေးသူများကို တွေ့ လာတဲ့အခါကျတော့ ကျွန်တော့်တို့ရဲ့ နှလုံးသားနယ်မြေဟာ ဖြူစင်မှုတွေမရှိတော့သလို ခံစားရပါတယ်။ ဒီလိုလူမျိုးတွေကြောင့် အခုမှဘလော့လောကထဲကို စတင်ဝင်ရောက်လာတဲ့ ဘလော့ဂါတွေဟာ ကိုယ်တိုင်သေချာနားမလည်သေးတဲ့ အကြောင်းအရာတွေကို သိသလောက် တတ်သလောက်နဲ့ ရေးသားလာတဲ့အခါ ဘယ်လိုမှဖတ်လို့ အဆင်မပြေတော့သလို ရှိနေပြီးသား စိတ်ဓါတ်တွေကို ရိုက်ချိုးလိုက်သလို ဖြစ်လာပါတယ်။ ရင်ထဲက ခံစားချက်တွေကို နားလည်ပေးလို့ ရပေမယ့် လက်လှမ်းမမှီတဲ့အကြောင်းအရာတွေကို ဒေါသစိတ်တွေနဲ့ ရေးသားလာတဲ့အတွက်ကြောင့် ချစ်တတ်သူတွေကို အဆိပ်ခတ်သလို ဖြစ်လာပါတယ်။
ဘလော့တွေရဲ့ ဆီဗုံးတွေမှာလည်း အကြောင်းမဲ့လိုက်လံတိုက်ခိုက်တာတွေ များလာပါတယ်။ အချို့ အချို့ သော ဘလော့များရဲ့ဆီဗုံးတွေမှာဆိုရင် တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်ကြ ဆဲဆိုကြနဲ့ တော်တော်လေးကို စိတ်ပျက်စရာကောင်းပါတယ်။ ကောင်းစေချင်တဲ့ စိတ်နဲ့ ကြားထဲကအကျိုးသင့် အကြောင်းသင့် ပြောပြပေးတဲ့ လူတွေရှိပေမယ့် နွားများကတော့ ဆဲဆိုတာကို အရသာတစ်ခုအနေနဲ့ ခုံခုံမင်မင် အချိန်ဖြုန်းနေကြတုန်းပါ။
အင်တာနက်ကိုသုံးတဲ့သူတွေအများစုဟာ လူငယ်တွေဖြစ်ပါတယ်။ ဘလော့ရေးသူ ဘလော့ဖတ်သူအများစုဟာလည်း လူငယ်တွေသာ ဖြစ်ပါတယ်။ ဒီလိုလူငယ်တွေ အများစုရှိနေတဲ့ နေရာတစ်ခုမှာ အားလုံးအတွက်အကျိုးရှိစေမယ့်၊ လူငယ်တွေ အမြင်ရှင်းပြီး စည်းလုံးမှုတွေသာ ဖော်ဆောင်နိုင်မယ့်၊ အခြေအနေတစ်ခုကို အကောင်းဆုံးဖြေရှင်းနိုင်စေမယ့်၊ နည်းလမ်း အကြံဥာဏ်တွေကိုသာ ရေးသားဆွေးနွေးသင့်ပါတယ်၊ ရေးသားဆွေးနွေးပေးစေချင်ပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှ အကျိုးမရှိစေနိုင်တဲ့ အကြောင်းအရာတွေရေးသား အချင်းချင်း ဝေဖန်တိုက်ခိုက်နေကြမယ့်အစား ကိုယ်နိုင်သလောက် အလုပ်တွေကို တက်ညီလက်ညီနဲ့ စည်းစည်းလုံးလုံးလုပ်ဆောင်စေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ချစ်တဲ့ ဘလော့ရပ်ဝန်းဟာ သာယာပြီး အားလုံးကလိုချင်တောင်းတနေတဲ့ အခြေအနေတစ်ခုအတွက် တစ်တပ်တစ်အားဖြစ်လာမှာပါ။ကျွန်တော်လည်း ဘာမှတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်ချစ်တဲ့ နှလုံးသားနယ်မြေလေးကို ချစ်ခင်တွယ်တာတဲ့စိတ်လေးတစ်ခုနဲ့ ကျွန်တော့်ရဲ့ အမြင်လေးကို ရေးပြတာပါ။ ကျွန်တော်တို့ရဲ့ နှလုံးသားနယ်မြေလေး ငြိမ်းချမ်း ပျော်ရွှင်အောင် ကြိုးစားကြရအောင်ဗျာ.။ အားလုံးပဲ အဆင်ပြေပါစေ။
တက်တာတွေ မပြီးသေးတော့ ကျွန်တော်လည်း တက်ဦးမယ်။ ကိုစိုးထက်နဲ့ ကိုစေးထူးကြီးရေ ဘလော့အပေါ်အမြင်လေးကိုရေးပေးပါလားဗျာ။ အားရင်ပေါ့။