ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်
အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …
အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …
ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …
ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ ရင်ခတ်သံဟာ ခံစားချက်ရဲ့ မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …
ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …
အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …
အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …
ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …
မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ဓါတ်ပြုလိုက်ကြတယ် … …
မတွေ့ ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …
( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
3 comments:
ဘယ်တော့မှမပြောပါဘူး ကဗျာဆိုတာ "မိုးကျရွှေကိုယ်" လို့။
စုပေါင်းကဗျာတွေက သိပ်မိုက်တာပဲး)
"ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်"
..............................................................
ခေါင်းစဉ်လေးက အစ ကြိုက်တယ်ဗျာ...
..............................................................
"ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်"
ခံစားချက် တစ်ချက်ချက်ကို
ရင်ထဲထိုးဝှက်စိုက်ပျိုး.ရင်..
ပွင့်ပန်းကဗျာ...တိမ်လွှာဥယျာဉ်
ငါတို့ အတွက်တော့..ဘယ်တော့မှ
ခြောက်ကပ်မသွား..ဘူး.....။
(နောက်ဆိုရင် ကျွန်တော်လည်း..အခုလို အဖွဲ့လိုက်ကဗျာ တွေ စပ်ချင်ပါတယ်။)
Post a Comment