တစ်မိုးတည်းအောက်

မင်းတို့တွေ ပြောနေကြတယ်

မင်းတို့တွေ ပြောနေကြတယ်......

မင်းတို့တွေနဲ့ ငါတို့အသက်မွေးမှုမတူတာနဲ့

ငါတို့တွေဟာ အရိုင်းအစိုင်းဖြစ်သွားပြီလား....။



ငါတို့တွေလည်း ဒီမြေမှာမွေး

ဒီရေကိုသောက် ဒီမြေမှာကြီးလာတာ...

ငါတို့ ရင်ထဲမှာ မင်းတို့တွေလို

အရာရာကို ကောင်းစေချင်တဲ့စိတ်တွေ

မရှိကြတော့ဘူးလို့ မင်းတို့ ထင်နေသလား...။



ငါတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ

ခါးသီးမှုတွေကို အရွယ်နဲ့မမျှအောင်ခံစား

နာကြည်းမှုတွေကို ရင်မှာမြိုသိပ်

အိပ်မရတဲ့ညတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ

မင်းတို့တွေ သိကြရဲ့လား....။



မင်းတို့တွေ ပြောနေကြတဲ့

ကံ့ကော်တောရဲ့ စိမ်းလန်းခြင်းတွေ

အင်းယားမြေရဲ့ ချစ်စရာကောင်းတဲ့ ရယ်သံတွေ

လူငယ်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ

လွတ်လပ်ခြင်းတွေ အိမ်မက်တွေ

ငါတို့ရဲ့ ကောင်းကင်မှာ ပျောက်ဆုံးခဲ့တာ

ငါတို့ဘ၀ သာယာခဲ့တယ်လို့  မင်းတို့ ထင်ကြသလား...။



အခြေအနေ အကြောင်းကြောင်းကြောင့်

ဘ၀ရပ်တည်မှုခြင်းမတူတာနဲ့

ငါတို့ရဲ့ စိတ်ဓါတ်တွေ၊ အပြုအမူတွေဟာ

အောက်တန်းစားတွေရဲ့ လုပ်ရပ်တွေပါလို့

မျက်စိတွေမှိတ် နားတွေပိတ်ပြီး

မင်းတို့တွေ ဇွတ်အတင်း အော်နေကြတော့မှာလား...။



လက်တစ်ဆုပ်စာ လူတစ်စုရဲ့ လုပ်ရပ်တွေနဲ့

လိုချင်တပ်မက် ပျော်ရွှင်နေကြတာကို

မင်းတို့တွေ မြင်နေ၊ သိနေတာနဲ့

ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်း

ငါတို့ရဲ့ စိတ်ဓါတ်တွေကို အရောင်တွေဆိုးကြတော့မှာလား....။



လောကကြီးရဲ့ သဘာဝတွေကို

မသင်ယူ မတတ်မြောက်ခဲ့တာခြင်းအတူတူ

ငါတို့ရဲ့ မဖြစ်စလောက်အတွေးတွေကို

ကမ္ဘာတစ်ဖက်မှာ မြေမြုပ်ထားခဲ့ပြီး

အနာဂါတ်ဆီကို တွဲလက်တွေနဲ့ လျှောက်လှမ်းကြရအောင်

လာ ..... မဝေးပါဘူး သူငယ်ချင်း......။

4 comments:

Yan said...

လက်တစ်ဆုပ်စာ လူတစ်စုရဲ့ လုပ်ရပ်တွေနဲ့

လိုချင်တပ်မက် ပျော်ရွှင်နေကြတာကို

မင်းတို့တွေ မြင်နေ၊ သိနေတာနဲ့

ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်း

ငါတို့ရဲ့ စိတ်ဓါတ်တွေကို အရောင်တွေဆိုးကြတော့မှာလား....။



လောကကြီးရဲ့ သဘာဝတွေကို

မသင်ယူ မတတ်မြောက်ခဲ့တာခြင်းအတူတူ

ငါတို့ရဲ့ မဖြစ်စလောက်အတွေးတွေကို

ကမ္ဘာတစ်ဖက်မှာ မြေမြုပ်ထားခဲ့ပြီး

အနာဂါတ်ဆီကို တွဲလက်တွေနဲ့ လျှောက်လှမ်းကြရအောင်

လာ ..... မဝေးပါဘူး သူငယ်ချင်း......။


သိပ်ကောင်းတဲ့စာသားတွေပဲ အစ်ကိုရာ... ကြိုဆိုပါတယ်.

ခင်မင်လေးစားလျက်

ရန်အောင်

Layma said...
This comment has been removed by the author.
Layma said...

သူငယ်ချင်း..
တစ်မိုးတည်းအောက်မှာ …
အရိပ်ပျောက်လို့ …မိုးသောက်ခဲ့ရသူချင်းအတူတူပါပဲ…။

အရာရာကို ကောင်းစေချင်တဲ့စိတ်
မင်းတို့ ရင်ထဲမှာ ကိန်းအောင်းဖြစ်ခဲ့ရင်…
ငါဝမ်းမြောက်ပါတယ် ….သူငယ်ချင်း ….။

မင်းတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ
ငါ ကိုယ်ချင်းစာနိုင်ပါတယ် … သူငယ်ချင်း …။

အခုတော့ သူတို့ လေးတွေလဲ ….
ကံ့ကော်တောမှာ လမ်းမလျှောက်နိုင်တော့ဘူး…
အင်းယားမှာလဲ မရယ်မောနိုင်တော့ပါဘူး…
မနက် ၆ နာရီ ဖယ်ရီစီးလို့ 
ည ၆ နာရီ အိမ်အရောက်မှာ…
အမောဖောက်လို့  ကျောင်းသားဘ၀ဆိုတာလဲ
ပျောက်ဆုံးကုန်ကြပါပြီ…. သူငယ်ချင်း …။

တချိန်မှာ မင်းတို့ တွေ
စွမ်းနိုင်မယ်ဆိုရင်တော့
သူတို့ ကို ဒီအခွင့်အရေးလေးတွေ
ရအောင်လုပ်ပေးလိုက်ပါ ….သူငယ်ချင်း ။

ငါဟာ ဘာမှမဟုတ်
အဖြူရောင်တစ်ခုပါ သူငယ်ချင်း …
ဝါးလုံးရှည်နဲ့ လဲမရမ်းဘူး
ဓါးရိုးလဲမကမ်းဘူး ….
မင်းတို့ ကို ဂုဏ်ယူချင်ရုံသက်သက်ပါ ….သူငယ်ချင်း…။

ငါတို့ အားလုံး…. လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာချတဲ့ နေရာက
ဇာတ်ကနေကြရတယ်…..သူငယ်ချင်း…။
ဒါပေမယ့်
ဘီလူးခေါင်းဆောင်းပြီး….ပြုံးပြလို့ လဲရပါတယ်…
အရူးဆိုင်းတီးပြီး … ထူးပြလို့ လဲရပါတယ် …
လူကြမ်းမင်းသား မျက်ရည်ကျလို့ လဲရပါတယ်….
အရေးကြီးတာက မင်းပေးမယ့် အနုပညာပါပဲ …..။ ။
လေးစားလျက်
လေးမ

မျှားပြာ said...

ကိုရန်နဲ့ လေးမ ကျေးဇူးတင်ပါတယ်ဗျာ ... အားလုံး အဆင်ပြေပါစေ....။